မလှိုင်မြို့တွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့) သံဃဒါနဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းခြင်းနှင့် ညောင်ရေများ သွန်းလောင်းပွဲများကျင်းပ

မလှိုင် မေ ၁၄

သာသနာတော်နှစ် ၂၅၆၅ နှစ် ပြည့်မြောက်ပြီး ၂၅၆၆ နှစ်သို့ ရောက်ရှိမှု အထိမ်းအမှတ်နှင့် နိုင်ငံသူ/ သားများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ မန္တလေးတိုင်း‌‌ဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့်  သံဃာတော် (၁ဝ၈)ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများ၊ နဝကမ္မဝတ္ထုငွေနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနား ကို ကဆုန်လပြည့်(ဗုဒ္ဓနေ့) ယနေ့ နံနက်(၅) နာရီခွဲအချိန်က မလှိုင်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ရွှေမုဋ္ဌော စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နံနက် ၅ နာရီခွဲအချိန်တွင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေကအနေကဇာ တင် လှူပူဇော်ခဲ့ပြီးနောက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများမှ မန္တလေးတိုင်းဒေသကြီး သံဃာ့ဝန်ဆောင်၊ မလှိုင်မြို့၊ မိုးကောင်းကျောင်းတိုက်ပဓါနာယက၊ သက်တော်ရှည် ဆရာတော် ဘဒ္ဒန္တကဿပထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက်  ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ် ပစ္စည်းများ၊ နဝကမ္မဝတ္ထုငွေနှင့် ဆွမ်းဆန်စိမ်း လောင်းလှူမှု ရေစက်ချတရားကို ဆရာတော်ထံမှပင် နာယူကာ လှူဒါန်းမှု အစုစုတွက် အမျှဝေခဲ့ကြသည်။

ယင်းနောက် နံနက်(၆)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူး ဌေးသန်း၊ ဦးအောင်ကျော်သူ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး  ထိန်လင်းမောင်၊ မြို့နယ်လဝကဦးစီးမှူး ဦးသိန်းဟန် တို့ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာရုံး (၃၆)ရုံးမှ ဌာနအကြီးအကဲများနှင့် ဝန်ထမ်းများ၊ စေတနာရှင်၊ အလှူရှင်များက ကြွရောက်တော်မူလာကြသော သံဃာတော်(၁ဝ၈)ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး နဝကမ္မဝတ္ထုငွေအပါဝင် အခြားလှူဖွယ် ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာရှင်၊ အလှူရှင်များမှ ဗောဓိညောင်ပင်၌ ညောင်ရေ များ သွန်းလောင်းခဲ့ပြီး မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)