မြင်းခြံမြို့တွင် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ် သံဃာတော် (၁၀၈) ပါးအား အာရုဏ်ဆွမ်း လောင်းလှူ

မြင်းခြံ မေ ၁၄

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ် သံဃာတော် (၁၀၈) ပါးအား အာရုဏ်ဆွမ်း လောင်းလှူပွဲကို ယနေ့ နံနက် (၆) နာရီ အချိန်က မင်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြင်းခြံမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသံယ မာဘိဝံသ ထံမှ (၉) ပါး သီလ ခံယူဆောက်တည်ခဲ့ကြပြီး ကြွရောက်လာသော သံဃာတော် အရှင် သူမြတ်တို့မှ ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ခဲ့သည်။ ဆက်လက်၍ သံဃာတော် အရှင်သူမြတ် များအား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသံယမာဘိဝံသမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ တရားဟောကြားခဲ့ကာ အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံတိတု" သုံးကြိတ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်၍ ကြွရောက်လာသော သံဃာတော် (၁၀၈) ပါးအား အာရုဏ်ဆွမ်း လောင်းလှူခဲ့ရာ အဆိုပါ လောင်းလှူပွဲသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ဇော်မျိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ လောင်းလှူခဲ့ကြကြောင်း သိရသည်။                                                  

ကျော်စွာ(မြင်းခြံ)