မြေပုံမြို့ Community Centre ခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

မြေပုံ မေ ၁၃

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြေပုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (TalkShow) ပြုလုပ်ဆောင်ရွက်ခြင်းကို မေ ၁၃ ရက်နေ့ ညနေ(၄)နာရီအချိန်က မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်ရာတွင်  မြေပုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သီရိဟေမာန်က  ဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှေးဦးစွာပြောကြားရာတွင် မိမိတို့ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင်နေထိုင်ကြသောမိဘပြည်သူများအနေဖြင့် မိုးဦးကာလသို့ မကြာခင် ရောက်လာတော့မှာဖြစ်သည့်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ဆွေးနွေးပွဲကိုဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြေပုံမြို့ ၊ မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်သန်းစိုးက ပြောကြားရာတွင် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့်ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသည့် ရည်မှန်းချက်တာဝန်ကြီး (၄) ရပ် ဖြင့်ဖွဲ့စည်းထားပြီး ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်တစ်ခုခုဖြစ်ပေါ်လာပါက ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ခြင်း၊ အသိပညာပေးခြင်း၊ လေ့ကျင့်ပေးခြင်းနှင့် ဘေးဖြစ်ပြီး နောက်ဆောင်ရွက်ခြင်းများမှာ ပြည်သူများအား ကူညီဆောင်ရွက်ခြင်း၊ ပြန်လည်နေရာချထားခြင်းများ စသည့်အကြောင်းအရာများအား အသိပညာပေးဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

တင်ဝင်း(ပြန်/ဆက်)