ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ‌ဒေါက်တာအောင်ကျော်မင်း တောင်ကုတ်မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု၊ ပါဠိပထမပြန်စာမေးပွဲ စာအောင်ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

တောင်ကုတ် မေ ၁၄

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်သူဇော်နှင့် အဖွဲ့ဝင်များသည် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက တောင်ကုတ်မြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

ထိုသို့ ကြည့်ရှုရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နံနက်ပိုင်းတွင် တောင်ကုတ်မြို့ ဆိပ်ကမ်းသစ်မှ အမြန်ရေယာဉ်ဖြင့် တောင်ကုတ်ဆိပ်ခံတံတားတည်ဆောက်မည့် တရဂူကျေးရွာ အုပ်စု၊ ကျောက်ပါးစပ် ချောင်းကမ်းပါးနေရာသို့ သွားရောက်စစ်ဆေးခဲ့ပြီး မြို့သစ်စီမံကိန်းသို့‌ ရောက်ရှိရာ မြို့သစ်တွင် ဘက်စုံသုံးခန်းမတည်ဆောက်မည့် ထာဝရအောင်မြေ အများပိုင်ကုမ္ပဏီမှ လှူဒါန်းထားသည့် မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ (နည်းပညာ) ဦးကျော်စွာသိန်းနှင့် မြို့မိမြို့ဖ ဦးကျောက်တောင်တို့က မြေနေရာ အကျယ်အဝန်းနှင့် ဆောက်လုပ်မည့် အဆောက်အဦ၏ ဒီဇိုင်းပုံစံများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂူတာရပ်ကွက်တွင် တံတား တည်ဆောက်မည့်နေရာ၊ လမ်းချဲ့ဆောင်ရွက်မည့်နေရာနှင့် ကွန်ကရစ်ခင်းရန် ကျန်ရှိသည့် လမ်းပိုင်းများအား ကြည့်ရှုခဲ့ပြီးနောက် လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် ကိုင်းရှည်ကျေးရွာအုပ်စု၌ လမ်းအထူးအဖွဲ့(၁၈)မှ စွန့်လွှတ်ခဲ့သည့် မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းအထူးအဖွဲ့ (၁၈)ရုံး၌ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လမ်းဦးစီးဌာန (မြို့ပြ)ဦးစီးအရာရှိ ဒေါ်ဝါဝါရှိန်နှင့် လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့(၁၈) တာဝန်ခံ ဒုတိယညွှန်ကြား‌ရေးမှူး ဦးရဲမင်းမောင်တို့က ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖြည့်စွက်မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဂူတာရပ်ကွက်၊ ဦးဥတ္တမလမ်းရှိ ကမ်းပါးပြိုသည့် နေရာအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ညနေ(၄)နာရီအချိန်တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဖောင်တော်ဦးစေတီတော်မြတ်ကြီး၏ ဓမ္မဝိဇယသာသနာ့ဗိမာန်တော်ဓမ္မာရုံတွင် ကျင်းပသည့် ၂၀၂၁ ခုနှစ်၊ စာအောင်သံဃာ (၂၄)ပါး အား စာအောင်လက်မှတ်နှင့် စာအောင်ဆု ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ စာအောင်ဆုများနှင့် စာအောင်လက်မှတ်များကို ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်