မွန်ပြည်နယ် ပတ်၀န်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်သယံဇာတရေးရာ၀န်ကြီး တက်ရောက်

မော်လမြိုင် မေ ၁၄

မွန်ပြည်နယ် ပတ်၀န်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြည်နယ် ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မွန်ပြည်နယ် ပတ်၀န်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ  ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ပြည်နယ် သယံဇာတရေးရာ၀န်ကြီး ဦးအောင်ကြည်သိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီး/ပြည်နယ်အဆင့်  သစ်တော၀န်ကြီးများ ပါ၀င်လျက် အဖွဲ့၀င် ၂၅ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ပြည်နယ်အဆင့် ပတ်၀န်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီကို ဇူလိုင်လတွင် ဖွဲ့စည်းထားပါကြောင်း၊ ယခုပတ်၀န်းကျင်ထိန်းသိမ်းရေးကော်မတီကို အဖွဲ့၀င် ၃၀ ဦးဖြင့် ဖွဲ့စည်းထားသလို ခရိုင်/မြို့နယ်အဆင့် ကော်မတီများကိုလည်း ဖွဲ့စည်းထားရန် လိုအပ်ပါကြောင်း၊ မွန်ပြည်နယ်အတွင်းမှာရှိတဲ့ အဓိကပတ်၀န်းကျင်ဆိုင်ရာ စိန်ခေါ်မှုရှိတဲ့ စီးပွားရေးလုပ်ငန်းများဖြစ်တဲ့ လမ်းခင်းကျောက်ထုတ်လုပ်ခြင်း၊ ခနောက်စိမ်း သန့်စင်ခြင်းလုပ်ငန်း၊ စက်မှုဆိုင်ရာလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ၊ အခြေခံစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာများ၊ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ဌာနများအနေနဲ့ မိမိတို့ ရည်မှန်းချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရာမှာ ပတ်၀န်းကျင်ရှုထောင့်ကပါ ကြည့်ရှုထိန်းသိမ်း ကြပ်မတ်ခြင်းများကို ပူးပေါင်းဆောင်ရွက် ပေးကြရန် တိုက်တွန်းလိုကြောင်း၊ အနာဂတ်မျိုးဆက်များ အကျိုးအတွက် ကောင်းမွန်သန့်ရှင်းသော ပတ်၀န်းကျင်၊ ဂေဟစနစ်နဲ့ သယံဇာတအရင်းအမြစ်များကို ထိန်းသိမ်းထားရှိနိုင်ခြင်း၊ ပြည်နယ်ရဲ့ သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကြိုးစားဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခေတ္တတာ၀န်ခံ ဦးမင်းသိန်းထွန်းက ကော်မတီ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် ကော်မတီ အဖွဲ့၀င်များက ဝိုင်း၀န်းဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ထို့နောက် ပြည်နယ်ပတ်၀န်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့၀င် များက ညှိနှိုင်းဆွေးနွေးကာ ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်ခဲ့ပြီး အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့် ခရိုင်ပြန်/ဆက်