ဗန်းမော်မြို့နယ် မံရေးကျေးရွာ၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်း

ဗန်းမော် မေ ၁၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် ဗန်းမော်ခရိုင် အသေးစား စက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ခေတ်မီစံပြ‌ကျေးရွာ (SMART VILLAGE) အကောင်အထည်ဖော် ဆောင်ရွက်သည့် ဗန်းမော်မြို့နယ် မံရေးကျေးရွာ၌ ယနေ့ နံနက် ၁ဝ နာရီက လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေက သင်တန်းဆင်းအမှာစကား ပြောကြားပြီး တာဝန်ရှိသူများက သင်တန်းသူ(၂၄)ဦး အား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်း၊ ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးက သင်တန်းထွက်ကုန်ပစ္စည်းများကို သင်တန်းသူများထံ ပေးအပ်ခဲ့ သည်။     

အဆိုပါ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် မံရေးကျေးရွာရှိ ‌ဒေသခံပြည်သူမှ သင်တန်းသား၊ သင်တန်းသူ(၂၄)ဦး တက်ရောက်သင်ယူခဲ့ကြကာ ဘက်စုံသုံးဆပ်ပြာ၊ ခေါင်းလျှော် ရည်၊ ရေချိုးဆပ်ပြာ၊ မှန်ကြည်ဆေး၊ သဘာဝခေါင်းလျှော်ရည်၊ မျက်နှာသစ်ဆပ်ပြာခဲ၊ လက်ဆေး ဆပ်ပြာရည်၊ ပုဂံဆေးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာရည်၊ Hand Gel စသည့် လူသုံးကုန် ပစ္စည်း(၁ဝ)မျိုးကို မေလ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ စာတွေ့လက်တွေ့ အခမဲ့သင်ကြားပို့ချပေးခဲ့သည်။

လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်ပေးခြင်းဖြင့် ပြည်သူများ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လာနိုင်ပြီး မိသားစုဝင်ငွေများ တိုးပွားလာစေခြင်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်နှင့် ပြည်ပမှတင်သွင်းသော လူသုံးကုန်ပစ္စည်းများ လျော့နည်းလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးရကြောင်း ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံးမှ သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)