ဆိပ်ကြီးခနောင်တို မေ ၁၃
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည် ၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ပြုလုပ်ခဲ့ရာ၊ အစည်းအဝေးသို့ မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဝင်များနှင့် မြို့နယ်အတွင်းရှိစံညီ ရပ်ကွက်စာကြည့်တိုက် နှစ်တိုက်ဖြစ်သည့် ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ မေတ္တာအလင်းရောင် စာကြည့်တိုက်နှင့် ခနောင်တိုအနောက်ရပ်ကွက်ရှိ အလင်းရောင်စာကြည့်တိုက်တို့မှ စာကြည့်တိုက်ကော်မတီဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဝင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက “ မကြာမီ မိုးရာသီကာလရောက်ရှိတော့မည်ဖြစ်၍ စာကြည့်တိုက်အမိုးများ မိုးယိုမှုမရှိစေရန်နှင့်ခိုင်ခံမှုရှိစေရန် ကြိုတင်စီစဉ်ဆောင်ရွက်ထားရန်လိုကြောင်း၊ စာကြည့်တိုက်များအတွင်း လေဝင်လေထွက်ကောင်းပြီး၊ အလင်းရောင်ကောင်းစွာရရှိရန်လိုကြောင်း၊ စာကြည့်တိုက်အတွင်း မိုးရေပက်ဖျန်းမှုမရှိစေရေး ဂရုစိုက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နေ့စဉ်ထုတ် သတင်းစာများနှင့် လူကြိုက်များသည့်ဂျာနယ်၊ စာစောင်များကို အလွယ်တကူဖတ်ရှုနိုင်အောင်ထားရှိပေးရန်နှင့် ယခင်ကထက်ပိုမိုပြီး စာကြည့်တိုက်ဖွင့်ချိန်ကို တိုးမြှင့်ပေးရမည်ဖြစ်ကြောင်း၊ စာကြည့်တိုက် ဆောက်အအုံရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စာအုပ်စာစောင်များ ပျက်စီး၊ ပျောက်ဆုံးမှုမရှိအောင် စာကြည့်တိုက်ကော်မတီဝင်များမှ ဝိုင်းဝန်း ထိန်းသိမ်းသွားကြရမှာဖြစ်ကြောင်း” ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးက “သက်ဆိုင်ရာရပ်ကွက်စာကြည့်တိုက် ကော်မတီဝင်များအနေဖြင့် မိမိတို့စာကြည့်တိုက်များ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်သူများလွယ်လင့်တကူ စာပေဖတ်ရှုနိုင်ရေး၊ စာအုပ်စာစောင်များကို ပြည်သူ့စာကြည့်တိုက် လက်စွဲစာအုပ်ပါအတိုင်း စနစ်တကျစာရင်းရေးသွင်းခြင်း၊ လယ်ဂျာမှတ်တမ်းများထားရှိခြင်းများ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ စာအုပ်စာစောင်များလျော့နည်း၊ ပျောက်ဆုံးမှုနည်းပါးစေရန် ထိန်းသိမ်း စောင့်ရှောက် သွားကြရန်လိုကြောင်း” စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက်တက်ရောက်လာသည့် ရပ်ကွက်စာကြည့်တိုက်ကော်မတီဝင်များက မိမိတို့လက်ရှိဆောင်ရွက်နေသည့် စာကြည့်တိုက်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဝင်များက ဖြည့်စွက် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
ဝေယံ(IPRD)