မော်လမြိုင် မေ ၁၃
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များအား ယမန်နေ့မှ စတင်၍ ဖွင့်လှစ်လျက်ရှိရာ ဆရာအတတ်ပညာဦးစီးဌာန၊ မော်လမြိုင်ပညာရေးဒီဂရီကောလိပ်တွင် ကျောင်းသား/သူ(၁၆၈)ဦး တက်ရောက် သင်ကြားလျက် ရှိကြောင်း သိရသည်။
ကျောင်းဖွင့်လှစ်မှုနှင့် ပတ်သက်၍ ပညာရေးဝန်ကြီး ဌာနအောက်ရှိ တက္ကသိုလ်၊ ကောလိပ် အသီးသီးကို ယမန်နေ့မှ စတင်၍ ပြန်လည်ဖွင့်လှစ်လျက်ရှိရာ မိမိတို့ မော်လမြိုင်ပညာရေးဒီဂရီ ကောလိပ်ကိုလည်း စတင်ဖွင့်လှစ်လျက်ရှိပါကြောင်း၊ ကျောင်းများ ဖွင့်လှစ်ရာတွင် ကျောင်းသား/ သူ များအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ စာသင်ခန်းများအား ပြင်ဆင်ထားရှိပါကြောင်း၊ အတန်းများအနေဖြင့် (၄)နှစ်သင် ပညာရေး ဒီဂရီကောလိပ် ပထမနှစ် (ပထမနှစ်ဝက်)သင်တန်းနှင့် ပထမနှစ် (ဒုတိယနှစ်ဝက်)သင်တန်းတို့ကို ဖွင့်လှစ်ထားပြီး ဘာသာရပ် (၉)မျိုးအပြင် ကာယနှင့်အနုပညာ ဘာသာရပ်များကိုပါ သင်ကြား ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ပညာရေးဒီဂရီကောလိပ်များ ဖွင့်လှစ်ခြင်းဖြင့် အခြေခံပညာကျောင်းများတွင် လိုအပ်နေသော အရည်အသွေးပြည့်ဝသော ဆရာ/ ဆရာမများအား ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး မော်လမြိုင် ပညာရေးဒီဂရီကောလိပ်အနေဖြင့် ယနေ့အချိန်ထိ ကျောင်းအပ်နှံထားရှိသူ ကျေင်းသား/သူ (၁၄၈)ဦးအား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်