မော်လမြိုင် မေ ၁၃
မော်လမြိုင်ခရိုင်၌ ပြည်သူများအနေဖြင့် စားသောက်နေထိုင်နိုင်ရေးအတွက် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show)ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်နှင့် စားသုံးသူရေးရာဦးစီးဌာန မွန်ပြည်နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ကြည် တို့က စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်နှင့် စားသုံးသူကာကွယ်ရေး အဓိပ္ပါယ်၊ စားသုံးသူအခွင့်အရေး ၈ ချက် အကြောင်းအရာ၊ကမ္ဘ့စားသုံးသူအခွင့်အရေး၏ ဆောင်ပုဒ်၊ စားသုံးသူ နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားနိုင်သူများနှင့် တိုင်ကြားနိုင်သည့် နေရာများစသည့် ဗဟုသုတရဖွယ်များကို အသိပညာ ဆွေးနွေးခဲ့ကြသည်။
မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအနေဖြင့် ပြည်သူများ ဗဟုသုတရဖွယ် အကြောင်းအရာ ကဏ္ဍတို့အား အသိပညာပေးဆွေးနွေးပွဲ (Talk Show) များအဖြစ် ရိုက်ကူး တင်ဆက်ပေးလျက်ရှိရာ အဆိုပါ ဆွေးနွေးပွဲများကို We Love Mawlamyine Page တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း သိရှိရသည်။
ခင်စန်းမြင့်