နမ္မတူမြို့နယ်တွင် အသက် (၄၀)နှစ်နှင့်အထက် ပြည်သူ ၂၂ ဦးအား တတိယအကြိမ် ကိုဗစ်-၁၉ရောဂါ အပိုဆောင်းကာကွယ်ဆေး (Booster Does)များ ထိုးနှံပေး

နမ္မတူ မေ ၁၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများထိုးနှံပေးလျက်ရှိရာ ယမန်နေ့တွင် ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသက် (၄၀)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၂၂ ဦးအား တတိယအကြိမ် ကိုဗစ်-၁၉ရောဂါ အပိုဆောင်းကာကွယ်ဆေး (Booster Does)များ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ သိရသည်။

ထိုသို့ အပိုဆောင်းကာကွယ်ဆေးများ ထိုးနှံပေးရာတွင် အသက် (၄၀)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၂၂ ဦးအား Sinopharm အမျိုးအစားကာကွယ်ဆေးနှင့် AstraZeneca အမျိုးအစားကာကွယ်ဆေးများအား ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ထိုးနှံပေးခြင်း ဖြစ်ကြောင်း နမ္မတူမြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အနီးကပ်ကြီးကြပ်လျက် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက ဆေးထိုးရန်လာရောက်သည့် တိုင်းရင်းသားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စာရင်းအချက်အလက်များကောက်ယူပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးသည့် ပြည်သူများအား (၁၅)မိနစ်ခန့်အနားယူစေခြင်းနှင့် လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်‌ဆေးထိုးနှံပြီးသည့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ (၂၃၂၅၆)ဦးရှိပြီး ရာနှုန်းပြည့် ကာကွယ်ဆေးလွှမ်းခြုံနိုင်ရေးအတွက် ယခုလိုတတိယအကြိမ် ကိုဗစ်-၁၉ရောဂါ အပိုဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

လူမော် (ပြန်/ဆက်)