တောင်ကြီး စက်တင်ဘာ ၄
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ယမန်နေ့ နံနက် (၁၀)နာရီက ရှမ်းပြည်နယ်လွှတ်တော်ရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် များနှင့် တပ်မတော် သားပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြောင်းသိရသည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတွင်တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် ( ၁၃၉ )ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ( ၁၈)ဦးရှိပြီး အစည်းအဝေးသို့ (၁၂၁)ဦး တက်ရောက်သဖြင့် ( ၈၇.၀၅ )% ရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် (ဒုတိယနေ့) အစည်းအဝေး စတင် ကျင်းပ ကြောင်း ကြေညာပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၁)ဦးမှ ကြယ်ပွင့်ပြမေးခွန်း (၁၃)ခု မေးမြန်း ခြင်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့သည်။
ယင်းနောက် ပြည်နယ်လွှတ်တော် ပထမနေ့တွင် နမ္မတူမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ်ကတင်သွင်းခဲ့သော “ရှမ်းပြည်နယ်အတွင်း စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လက်ရှိထက် ပိုမိုကောင်းမွန်သောစနစ်ဖြင့် ရေတိုရေရှည် စီမံချက်များ ချမှတ်ကာ အလေးထား ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း”အဆိုအား ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်(၁)ဦးက ထောက်ခံ ဆွေးနွေးခဲ့သည်။ဆက်လက်၍ မိုင်းပန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးစိုင်းနောင့်က “ရှမ်းပြည်နယ် ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကျန်းမာရေး ဝန်ဆောင်မှု များကို ပြည်သူများ အဆင်ပြေစွာရရှိနိုင်ရန် အစိုးရနှင့်ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်နိုင်မှု မြှင့်တင်ခြင်း” အဆိုအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂)ဦးတို့က ထောက်ခံဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာ ဝန်ကြီးများက အသီးသီးပြန်လည်ရှင်းလင်းဆွေးနွေး၍ လွှတ်တော်၏အဆုံးအဖြတ်ရယူရာ လွှတ်တော် က သဘောတူသဖြင့် ယင်းအဆို(၂)ခုအားအတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
ထို့နောက် ပင်လောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်စောအောင်က “ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍတွင် ဈေးကွက်နှင့် ထုတ်ကုန်တိုးတက်ရေး ခိုင်မာသောဈေးကွက် ဖော်ဆောင်ရေး ရှမ်းပြည်နယ်အစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့် သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက “ရှမ်းပြည်နယ် အတွင်းရှိ အခြေခံ ပညာကျောင်းများတွင် ပညာသင်နှစ်အလိုက် ကျောင်းစာကြည့်တိုက်များကို စဉ်ဆက် မပြတ်ဖွင့် လှစ်နိုင်ရေး စီမံချက်ရေးဆွဲပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် ရှမ်းပြည်နယ် အစိုးရ အဖွဲ့အား တိုက်တွန်း ကြောင်း” အဆိုတို့ကို တင်သွင်းခဲ့ရာ အဆိုတစ်ခုစီအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁)ဦးစီတို့က ထောက်ခံ ဆွေးနွေးခဲ့ကြပြီး ယင်းအဆိုများကို ဆွေးနွေးရန်သင့်/မသင့် လွှတ်တော် ၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် ယင်းအဆိုကို စက်တင်ဘာလ (၄)ရက် (သောကြာနေ့)တွင် ဆွေးနွေး သွားမည် ဖြစ်ကြောင်းနှင့် ဆွေးနွေး လိုသည့် ကိုယ်စားလှယ် များရှိပါက ယနေ့ညနေ (၅)နာရီ နောက်ဆုံးထား၍ ပြည်နယ် လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း ပေးသွင်းနိုင်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။
၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းခဲ့သောရှမ်းပြည်နယ်မြေယာခွန်ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ လွိုင်လင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရှမ်းပြည်နယ် လွှတ်တော် ဥပဒေပြုရေး ကော်မတီအဖွဲ့ဝင် ဦးခွန်ဒီဂေါလ်မှ ကော်မတီအစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြား ရှင်းလင်းပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးစိုင်းလုံကျော် မှ ပြန်လည်ဆွေးနွေးရှင်းလင်းကာ မြေယာခွန် ဥပဒေကြမ်းအား အတည်ပြုပေးနိုင်ပါရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် ယင်းဥပဒေမူကြမ်းအား အတည်ပြု ကြောင်း လွှတ်တော်ဥက္ကဋ္ဌကကြေညာသည်။
ယင်းနောက် ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံးမှ တင်ပြသည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာကို ရှမ်းပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုဟိန်းမှ လွှတ်တော်သို့ ဖတ်ကြားတင်ပြရာ ၎င်းအစီရင်ခံစာကို မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
ယင်းနောက်ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၂၀) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ညနေ (၃)နာရီတွင် ရပ်နားပြီး အစည်းအဝေး(တတိယနေ့)ကို စက်တင်ဘာ ၄ရက်နေ့ နံနက် (၁၀)နာရီ အချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
ပြည်နယ် (ပြန်/ဆက်)