မြို့နယ်ပြန်ဆက်ရုံးတွင်အခြေခံ ပန်းချီရေးဆွဲနည်းသင်တန်း ဆင်းပွဲကျင်းပ

အောင်မြေသာစံ မေ ၁၃

မန္တလေးအောင်မြေသာစံမြို့နယ်၊ ပုလဲငွေ ရောင်ရပ်ကွက်၊ ၈၆လမ်း၊ ၂၁× ၂၂လမ်းကြား၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ  Community Centre ခန်းမတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံပန်းချီသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်စံပယ်နှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ဦးဌေးအောင်း (ဌေးအောင်-မန်းတက္ကသိုလ်)၊ မြို့နယ်စာရေးဆရာအသင်းနာယကများဖြစ်ကြသော ဦးလှဘော် (မအူပင်လှဘော်)၊ ဦးကံလှ(မောင်ခိုင်ဖြိုး-ဇေယျာဦး)၊ မြို့နယ်ဥက္ကဋ္ဌ ဦးထွဏ်းလှအောင်နှင့်အဖွဲ့ဝင်များ၊ ပန်းချီသင်တန်းဆင်းကျောင်းသား/သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဦးလှဘော် (မအူပင်လှဘော်)က အမှာစကားပြောကြားပြီး၊  မြို့နယ်ဦးစီးအရာရှိ ဒေါ်စံပယ်က  အခြေခံပန်းချီရေးဆွဲနည်းများ သင်ကြားပို့ချပေးခဲ့သော နည်းပြများ၊ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့သည့်စာရေးဆရာများအား ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြများဖြစ်ကြသော မြို့နယ်စာရေးဆရာအသင်း အဖွဲ့ဝင်ပန်းချီဆရာ ဦးရွှေမော်နှင့် ဦးဖိုးချစ်တို့ကို အမှတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်ပြီး၊  ပန်းချီသင်တန်းတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့်နှစ်သိမ့်ဆုများရရှိကြသည့် ကျောင်းသား/သူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးကြကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ-ပြန်/ဆက်)