တိုက်ကြီးမြို့နယ် (Community Centre) ခန်းမ၌  စာပေချစ်မြတ်နိုးသူများအသင်း Book Club ဖြင့် စာဖတ်ဝိုင်းကျင်းပ

တိုက်ကြီး မေ ၁၃

ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းခရိုင်တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့်ပူးပေါင်း၍ စာရေးဆရာ နတ်သျှင်(ရွှေဂူ) ရေးသားထားသော လူငယ်များကိုပျိုးထောင်ပေးပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက   ကျင်းပသည်။

စာဖတ်ဝိုင်းတွင် ဒုတိယဦးစီးမှူး ဒေါ်ခင်နှင်းသက်က  လူငယ်များအသိပညာဗဟုသုတတိုးပွားစေမည့် စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ဖတ်ရှုထားသည့် စာပေအသိများအား ပြန်လည်မျှဝေပေးနိုင်ရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး လူငယ်များကိုပျိုးထောင်ပေးပါ စာအုပ်မှ လူငယ်များကိုပျိုးထောင်ရာ၌ တန်ဖိုးရှိသော သစ်ပင်ကောင်းတစ်ပင်ရဖို့ ပျိုးစိုက်စဉ်ကတည်းက ပြုစုပျိုးထောင်ရသကဲ့သို့ သားသမီးလူငယ်များကိုလည်း ငယ်ရွယ်စဉ်အခါကတည်းက နည်းပေးလမ်းပြသွန်သင်ဆုံးမရန် လိုအပ်ပုံတို့ကို နတ်သျှင်(ရွှေဂူ)ရေးသားထားသော ကဗျာတစ်ပုဒ်ဖြင့် ဖတ်ကြားဆွေးနွေးသည်။ ဆက်လက်ပြီးတက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များက လူကြီးနှင့်လူငယ်၊ ဆုံးမသည်ဆိုရာဝယ်၊ လူငယ်နှင့်အချိန်၏တန်ဖိုး၊ လူငယ်နှင့်ရွှေရောင်အနာဂတ်ဆီသို့၊ လူငယ်နှင့် မျိုးဆက်အမွေ၊ လူငယ်နှင့်အပေါင်းအသင်း စသည့် အကြောင်းအချက်များကို ဖတ်ကြား၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လူငယ်များစာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ထွန်းစေရန်၊ ပြန်လည်မျှဝေပေးသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စာဖတ်ပရိတ်သတ်များ၊ စာပေချစ်မြတ်နိုးသူများအသင်းနှင့်  စာဖတ်ဝိုင်းများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ ဆက်)