မင်္ဂလာဒုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန် မေ ၁၃

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေ ပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ်အတွင်း အပတ်စဉ် ဆောင်ရွက်လျက်ရှိပြီး  ယနေ့နံနက်ပိုင်းက သင်္ဃန်းကျွန်းကြီး ကျေးရွာအုပ်စု ကာယ(၉) လမ်းအတွင်းသို့ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ကွင်းဆင်းကာ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါ်ဝင်းမာ၏ စီစဉ်ကြီးကြပ်မှုဖြင့် ပတ္တမြား ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး၊ ကျန်းမာရေးကြီးကြပ်၊ သားဖွားဆရာမများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ ဦးမျိုးမြင့်လှိုင်နှင့် အဖွဲ့တို့ ပူးပေါင်းကာ  ရပ်ကွက်နေပြည်သူများ၏ နေအိမ်များသို့ သွားရောက်ကာ ခြင်ခိုအောင်းနိုင်သည့် ရေအိုး၊ ရေစည်များနှင့် ရေလှောင်ကန်များ တို့တွင် သွေးလွန်တုပ်ကွေး ရောဂါကြိုတင် ကာကွယ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းနှင့် ရပ်ကွက်နေ ပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါအကြောင်း ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။   

“ကျန်းမာရေး ဝန်ထမ်းတွေကနေပြီးတော့ မြို့နယ်အတွင်းမှာ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အပတ်စဉ်  ဖုန်း၊ သွန်၊ လဲ၊ စစ် လုပ်ငန်းကိုဆောင်ရွက်နေ ပါတယ်၊ နောက်ပြီး သွန်ဖို့၊ ပြောင်းရွေ့ဖို့ခက်ခဲတဲ့နေရာတွေ ဆိုရင်လည်း ရောဂါကြိုတင် ကာကွယ်နိုင်ရေးပေါ့ အဘိတ်ဆေးကို ခပ်ပေးပါတယ်၊ ရပ်ကွက်အတွင်းရှိ လမ်းများတွင် ခြင်ပေါက်ဖွားမှုမရှိစေရေးအတွက် စစ်ဆေးခြင်းတို့ကိုလည်း ဆောင်ရွက်နေပါတယ်”ဟု ကျန်းမာရေးမှူး ဦးဟောက်ခန့်ခိုင်က သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းပြသည်။           

ဆုလှိုင်(မင်္ဂလာဒုံ)