တာမွေမြို့နယ်တွင် ရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

တာမွေ မေ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ လူငယ်လူရွယ်လေးများနှင့် ကျောင်းသား၊ ကျောင်းသူလေးများအနေဖြင့် နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ရှေးဦးသူနာပြုစုနည်းနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး မိမိ၏မိသားစုနှင့် ပတ်ဝန်းကျင်ရှိလူအများ၏ ကျန်းမာရေးကို တစ်ထောင့်တစ်နေရာမှ ကူညီစောင့်ရှောက်ပေးနိုင်စေရန်စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် တာမွေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော ရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းတည့်(၁၂)နာရီအချိန်က တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ရှေးဦးပြုစုခြင်းအခြေခံသင်တန်းတွင် တက်ရောက်ခဲ့သော  သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြပြီး သင်တန်းသူတစ်ဦးမှ ရှေးဦးပြုစုခြင်းအခြေခံ(အခမဲ့)သင်တန်း ဖွင့်လှစ်ပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက်တက်ရောက်လာကြသူများသည် သင်တန်းသား၊ သင်တန်းသူများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။

အဆိုပါရှေးဦးသူနာပြုစုနည်း အခြေခံ(အခမဲ့)သင်တန်းတွင် မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူလေးများနှင့် လူငယ်လူရွယ်လေးများအား ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ရှေးဦးပြုစုနည်း အခြေခံသဘောတရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ မတော်တဆ ထိခိုက်ဒဏ်ရာများအား ရောဂါသက်သာစေရန် ကုသနည်းများ၊ အရေးပေါ် အသက်ကယ်လူနာအား ကိုင်တွယ်ခြင်းနှင့် သယ်ဆောင်နည်းများ၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်းများကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ နည်းပြဆရာများက ၂၀၂၂ ခုနှစ် မေလ(၁၁)ရက်မ ှမေလ(၁၃)ရက်နေ့အထိ (၃)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(တာမွေ)