တပ်ကုန်းမြို့၌  စာစီစာကုံး၊ ဆေးရောင်ခြယ်နှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲဆောင်ရွက်ပေး

တပ်ကုန်း  မေ ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်က ကြီးမှူးဖွင့်လှစ်သည့်  စာစီစာကုံး၊ ကဗျာနှင့်သဒ္ဒါ တွေးနည်း၊ ရေးနည်းသင်တန်းမှ  သင်တန်းသားများကို စာစီစာကုံး၊ ဆေးရောင်ခြယ်နှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပဆောင်ရွက်ပေးခြင်းကို မေ ၁၃ ရက်နံနက် ၉နာရီက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ထိုပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ခိုင်က ပြိုင်ပွဲများကျင်းပရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာစီစာကုံးပြိုင်ပွဲတွင် ကျွန်ပ်ရင်ထဲမှာထာဝစဉ်ချစ်သောမွေးမိခင်အကြောင်း ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ ပေါင်း(၂၂)ဦး၊ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော်ရုပ်ပုံဖြင့် ကျောင်းသား၊ ကျောင်းသူပေါင်း(၂၀)ဦး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် စိတ်ကြိုက်ခေါင်းစဉ်ဖြင့် ကျောင်းသား၊ကျောင်းသူပေါင်း (၂၀)ဦး၊ စုစုပေါင်း(၆၂)ဦး ပါဝင်ယှဉ် ပြိုင်ကြပြီး၊ ဆုရရှိသည့် ကျောင်းသားကလေးငယ်များကို မေ ၁၄ ရက် နံနက်ပိုင်း (ကဆုန်လ ပြည့်နေ့)တွင် မြို့နယ်ဦးစီးမှူးနှင့် မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့နှင့် တာဝန်ရှိသူများက ဆုတံဆိပ်နှင့်ဆုလက်ဆောင်များ အသီးသီးချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်