ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသောစာအုပ်များအား တောင်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက်စာကြည့်တိုက်များသို့ ထပ်ဆင့်လှူဒါန်းပွဲကျင်းပ

တောင်ဥက္ကလာပ မေ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌‌ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community centre)တွင် ယနေ့နံနက်(၁၀:၀၀)အချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသောစာအုပ်များအား မြို့နယ်အတွင်းစာကြည့်တိုက်မှတ်ပုံတင်ရရှိပြီး ရှင်သန်လျက်ရှိသော ရပ်ကွက်စာကြည့်တိုက်များသို့ ထပ်ဆင့်လှူဒါန်းပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါစာအုပ်လှူဒါန်းပွဲတွင် မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ စာရေးဆရာဦးအောင်ကြည်ညွန့်က လှူဒါန်းရရှိသောစာအုပ်များနှင့်ပတ်သက်ပြီး ပြောကြားရာတွင် ယခုရရှိထားသောစာအုပ်များသည် တန်ဖိုးရှိလှသောစာအုပ်စာပေများဖြစ်သည့်အတွက် ရပ်ကွက်စာကြည့်တိုက်များအနေဖြင့် အလှူခံရရှိသောစာအုပ်များမှာ လူစိတ်ဝင်စားမှုနည်းပါးခြင်းနှင့် အသစ်ထွက်ရှိသောစာအုပ်များ မဖြည့်တင်းနိုင်သောကြောင့် စာကြည့်တိုက်ရေရှည်ရပ်တည်နိုင်ရေးမှာ အခက်အခဲများစွာဖြစ်ရကြောင်း၊ ယခုရရှိသောစာအုပ်များကို စာဖတ်သူစိတ်ဝင်စားလာအောင်ဆွဲဆောင်စေခြင်းဖြင့် စာကြည့်တိုက်များပြန်လည် အသက်ဝင်လာစေရန် ပြုလုပ်ဆောင်ရွက်ကြစေလိုကြောင်း၊ အဖွင့်မုဒိတာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ခင်‌ဆွေနှင်းက လှူဒါန်းရရှိသောစာအုပ်များနှင့်ပတ်သက်ပြီး စနစ်တကျထိန်းသိမ်းကြစေရန်နှင့် ရရှိထားသောစာအုပ်များအား စနစ်တကျစာရင်းသွင်းမှတ်တမ်းထားရှိ၍ စာဖတ်စာငှားများအား စနစ်တကျငှားရမ်း‌ပေးသွားရန်နှင့် စာကြည့်တိုက်များ‌ရေရှည်ရှင်သန်ခိုင်မာရေး ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။

ထို့နောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသောစာအုပ်များကို မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီမှ အမှတ်(၅)ရပ်ကွက်ရှိ လင်းရောင်ခြည်စာကြည့်တိုက်နှင့် အမှတ်(၁၄)ရပ်ကွက်ရှိ သုတဘဏ်စာကြည့်တိုက်များသို့ ထပ်ဆင့်ပြန်လည်လှူဒါန်းပေးခဲ့ပြီး စာအုပ်များအလှူခံရရှိသောစာကြည့်တိုက်များကိုယ်စား အမှတ်(၁၄) ရပ်ကွက် သုတဘဏ်စာကြည့်တိုက်မှူးဦးစိန်မြင့်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ စာအုပ်လှူဒါန်းပွဲ အခမ်းအနားပြီး‌မြောက်ခဲ့ကြောင်းသတင်းရရှိသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)