ကျောက်ဆည် မေ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာကျော့မောင်(မင်္ဂလာတောင်ညွန့်) ရေးသားသည့် ပျော်အောင်နေကိုယ့်လူရေစာအုပ်အား ယနေ့နံနက် (၁၀)နာရီခွဲက စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝို်ငးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်စာပေချစ်မြတ်နိုးသူများနှင့် ကျောင်းသား၊ကျောင်းသူ များအနေဖြင့် မွေးရာမှသည်သက်ဆုံးတိုင် ပျော်ပျော်ရွှင်ရွှင်၊ စိတ်ချမ်းသာကိုယ်ချမ်းသာစွာ နေထိုင် သွားစေရေး၊ ဘဝတွင်အောင်မြင်တိုးတက်စေရေး၊ စာအုပ်စာပေများဖတ်ရှုခြင်းဖြင့် အတွေးအခေါ်အယူ အဆများ ပိုမိုတိုးတက်လာစေရန်နှင့် စာအုပ်စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ၊ စာရေးဆရာမောင်ခိုင်ကျော် (ကျောက်ဆည်)က ပျော်အောင်နေကိုယ့်လူရေ စာအုပ်တွင်ပါရှိသော သဘာဝတရားရဲ့ စိတ်အနေအထားများအကြောင်း တစေ့တစောင်းအပိုင်းမှ သိစိတ်နှင့်မသိစိတ်၊ အပြောင်းအလဲအတွက် ပေါ်ထွက်လာလေ့ရှိတဲ့ စိန်ခေါ်ချက်၊ အဆုံးအဖြတ်ပေးနိုင်သောအရာများ၊ အောင်မြင်ရေးသော့ချက်၊ ဦးတည်ချက် မပျောက်စေနဲ့၊ တောင်ဝင်ရိုးစွန်းမှာ ငှက်ပျောပင်မပေါက်နိုင်၊ ပြသနာကို မီးထွန်းရှာလေ့ရှိသူများ၊ မသိ စိတ်ကစေစားတဲ့အမှား၊ အရးကြီးတဲ့ယုံကြည်ချက်၊ ငွေနဲ့အကွာနေတတ်ပါစေ၊ လိုက်လို့မီနိုင်မှာမဟုတ်တဲ့အနာဂတ်၊ ရယ်နိုင်လေလေကျန်းမာလေ စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများကသိရှိလိုသည့် အကြောင်းအရာများကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)