မဟာအောင်မြေ မေ ၁၃
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပန်းအလှပြင်သင်တန်းကို ယနေ့နံနက် (၁၁) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းတွင် တက်ရောက်လာသော ရပ်ကွက်နေပြည်သူများနှင့် နွေရာသီကျောင်းပိတ်ရက်များတွင် အားလပ်နေသော လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည် ဉာဏ်သွေးထက်မြက်ပြီး အတွေးအခေါ်တိုးတက်လာစေရန်၊ ခေတ်နဲ့လျော်ညီစွာ စဉ်းစားတွေးခေါ်တတ်စေရန်၊ တစ်နိုင်တစ်ပိုင် အပိုဝင်ငွေရှာတတ်လာစေရန်၊ မိမိတို့နေအိမ်တွင်လည်း ကိုယ်တိုင်ပန်းအလှလေးများ ပြင်ဆင်တတ်စေရန် စသည့်ရည်ရွယ်ချက်များကိုပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော လူငယ်လူရွယ်၊ ကျောင်းသား/ ကျောင်းသူများကလည်း စိတ်ပါဝင်စားစွာ သင်ကြားခဲ့သည်။
ထို့နောက် ပန်းအလှပြင်သင်ကြားပြသသူ ဒေါ်ချောစုဝင်းက “ပန်းပေါင်းစုံပန်းအစစ်များကို ကတ်ကြေးဖြင့်ကိုက်ထားပြီး ဖော့ခုံပေါ်မှာ တစ်ခုနဲ့တစ်ခုယှက်နွယ်ထိုးစိုက်၍ လှပအောင်၊ မြင်တဲ့သူစိတ်ကြည်လင်မှုဖြစ်အောင် ဖန်တီးရတာပါ။ ပန်းအစစ်များနဲ့ ပန်းအလှပုံဖော်နေတဲ့အချိန် စိတ်ကြည်လင် တည်ငြိမ်မှုဖြစ်ပြီး ပုံဖော်ပြီးတဲ့အခါ ကြည်နူးပီတိဖြစ်ရပါတယ်။ အခုလို ပန်းအလှပြင် ထိုးနည်းတတ်ထား ခြင်းဟာ မိမိနေအိမ်ဧည့်ခန်းလှပမှု၊ ဘုရားကျောင်းကန်အလှူပွဲများအတွက် ပန်းအလှပြင်ဆင်၍ မိမိတတ်နိုင်သည့်ဘက်မှ ကူညီမှုများပေးနိုင်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း