သီပေါ မေ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ ၂၀၂၁ခုနှစ်၊ အစိုးရ ပါဠိပထမပြန် စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူခဲ့သော စာအောင်သံဃာတော်၊ သီလရှင်များအား စာအောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်ဂုဏ်ပြုပူဇော်သည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက်(၈) နာရီက မြို့ကျက်သရေဆောင်မဟာသာသနာ့ဗိမ္မာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် သံပြိုင်ရွတ်ဆိုဖွင့်လှစ်ပြီး မြို့နယ်သံဃနာယအဖွဲ့ဥက္ကဋ္ဌ နှင့်ဆရာတော်များအား ဧည့်ပရိသတ်အပေါင်းတို့မှ ဩကာသကန်တော့ချိုးဖြင့် ညီညာဖြဖြရှိခိုး ကန်ကော့ကြကာ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် ဆရာတော်ကြီးများက ပရိတ်တရားတော်များ ချီးမြှင့်ပေးခဲ့ကြကာ ဧည့်ပရိသတ်များက သြဝါဒကထာနာယူခဲ့ကြပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးဝင်းနှင့် မြို့နယ်သာသနာရေးမှူးတို့က သာသနာရေးဆိုင်ရာကိစ္စရပ်များအား လျှောက်ထားခဲ့သည်။
ဆက်လက်၍ ၂၀၂၁ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် ဓမ္မာစရိယဘွဲ့ရသီလရှင်(၁)ပါး၊ နိကာယဝိဒူဘွဲ့ရ သံဃာတော်(၄)ပါးနှင့် ပထမကြီး၊ ပထမလတ်၊ ပထမငယ်နှင့်အခြေပြု မူလတန်းတို့တွင် အောင်မြင်သောရဟန်း၊ သာမဏေ၊ သီလရှင်(၄၄)ပါး၊ စုစုပေါင်း(၄၉)ပါး တို့အား စာအောင်လက်မှတ်၊ စာအောင်ဆုနှင့် လှူဖွယ်ဝတ္ထုများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များက ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)