နောင်တရားမြို့၌ (၃၃)ကြိမ်မြောက် ပိဋကတ္တယပါဒက စာမေးပွဲတော်ကြီး ကျင်းပ

နောင်တရားမြို့ မေ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ ပရိယတ္တိစာသင်တိုက်၌ ကလောမြို့နယ်လုံးဆိုင်ရာ (၃၃)ကြိမ်မြောက် ပိဋကတ္တယပါဒက စာမေးပွဲတော်ကြီးကို ယမန်နေ့က စတင်ကျင်းပသည်။

ကလောမြို့နယ်အတွင်းရှိ (၃၃)ကြိမ်မြောက် ပိဋကတ္တယပါဒကစာမေးပွဲတော်ကြီးကို အောင်ပန်းမြို့၊ ကလောမြို့နှင့် နောင်တရားမြို့တို့တွင် ကျင်းပပြုလုပ်သည်။ နောင်တရားစာဖြေဌာနတွင် နောင်တရားပရိယတ္တိစာသင်တိုက်၊ တီကျစ်မြို့မကျောင်း၊ ရင်းမှီး-မြသိန်းတန်ကျောင်း၊ ကိုးခေါင်ကျောင်း၊ မွေတော်ကျောင်း၊ နမ်းဟူးကျောင်းနှင့် ကံသာဦးကျောင်းမှ ရှင်သံမဏေများက ဝင်ရောက်ဖြေဆိုကြသည်။ ပိဋကတ္တယပါဒက စာမေးပွဲပထမတန်း၊ မူလတန်းတွင် ဝင်ရောက်ဖြေဆိုရန် (၂၂၉) ပါး စာရင်းပေးသွင်းထားပြီး ပထမတန်းတွင် (၇၅) ပါး၊ မူလတန်းတွင် (၁၃၈) ပါး၊ စုစုပေါင်း (၂၁၃)ပါး ကြွရောက်ဖြေဆိုပြီး (၁၆)ပါး ကြွရောက်ဖြေဆိုမှုမရှိကြောင်းသိရသည်။ (၃၃)ကြိမ်မြောက် ပိဋကတ္တယပါဒက စာမေးပွဲတော်ကြီးကို မေလ ၁၂ ရက်နေမှ မေလ ၁၄ ရက်နေ့အထိ (၃)ရက် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

ခွန်အောင်(နောင်တရား)