သိန္နီ မေ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် နွေရာသီအားလပ်ရက်များတွင် လူငယ်များ ကျန်းမာကြံ့ခိုင်စေရေး၊ လူမှုရေးလုပ်ငန်းများတွင် စိတ်ပါဝင်စားပြီး အနာဂတ် တိုင်းပြည်တွင် အားကိုး၊ အားထားပြုနိုင်စေရန်အတွက် သိန္နီမြို့ ကြက်ခြေနီအသင်းနှင့် ပူးပေါင်း၍ အခြေခံရှေးဦးသူနာပြုစုနည်း သင်တန်းကို မေလ ၈ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ရှေးဦးစွာ သိန္နီကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါ်ဆိုင်းခေါန်က သင်တန်းဆင်းပွဲ အမှာစကားပြောကြားခြင်း၊ ကွမ်းလုံမြို့နယ်ကြက်ခြေနီအသင်းနည်းပြ ဦးရဲမြတ်သူက သင်တန်းတွင် တက်ရောက်ခဲ့ကြသည့် သင်တန်းသားသင်တန်းသူများအနေဖြင့် ကြက်ခြေနီအဖွဲ့များ၏ အခြေခံကျင့်ဝတ် (၇)ချက်ကို လိုက်နာလိုအပ်ပါကြောင်း၊ သင်တန်းတွင်သင်ကြာခဲ့သည့်အတိုင်း မိမိတို့ပတ်ဝန်းကျင်တွင် အကျိုးပြုလုပ်ငန်းများကို အားတတ်သရော ပူးပေါင်းပါဝင်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ဥမ္မာချိုက သင်တန်းတွင် သင်ကြားပို့ချခဲ့သည့် သင်တန်းနည်းပြများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းသည် မိမိတို့ပတ်ဝန်းကျင်အတွက် အကျိုးရှိသော သင်တန်းဖြစ်ပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအတွက် လက်တွေ့ပတ်ဝန်းကျင်တွင် အကျိုးရှိစွာ အသုံးချရန်လည်း လိုအပ်ပါကြောင်းဆွေးနွေးပြောကြားသည်။
အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းကို မေလ ၈ ရက်နေ့မှ မေ လ ၁၂ ရက်နေ့ထိဖွင့်လှစ်ခဲ့ရာ သိန္နီမြို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ စိတ်ပါဝင်စားသူ စုစုပေါင်း (၃၅)ဦးတက်ရောက်ခဲ့ပြီး သာမန်နှင့် အဆင့်မြှင့်သင်တန်းကိုလည်း ဆက်လက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
စောဥမ္မာ (သိန္နီ)