မိုင်းခုတ် မေ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်၊ လူရွယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်၊ လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏစွမ်းရည် ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ရာ မူလတန်းနှင့်အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၂)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား ဂုဏ်ပြုဆုလက်ဆောင်နှင့် အာဟာရဖြည့် မုန့်များပေးအပ်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခုတ်မြို့ရုံးအနေဖြင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရန်၊ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် နိုင်ငံတော်က အားကိုးအားထားပြုရမည့် လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲများ၊ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ လစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)