ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် ရှေးဦးပြုစုခြင်းစွမ်းရည်ပြိုင်ပွဲပြုလုပ်

နမ့်ဆန် မေ ၁၃

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နမ္မဝေါရပ်ကွက်တွင် ကျေးရွာလူထုအားလုံးပါဝင်သော ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းရှိသည့် ကျေးရွာများတည်ဆောက်ခြင်း စီမံကိန်းရုံးတွင် ယနေ့နံနက် (၉)နာရီအချိန်က ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် စွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ကြက်ခြေနီရှေးဦးပြုစုခြင်းဘာသာရပ်ဖြစ်သော ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ လူနာစမ်းစစ်ခြင်း၊ အဆိပ်သင့်ခြင်း၊ ဒဏ်ရာနှင့်သွေးယိုစီးခြင်း၊ သတ္တဝါများကိုက်ခြင်း၊ တုပ်ခြင်း၊ မြွေကိုက်ခြင်းစသည့်အကြောင်းအရာများကို စာတွေ့ဖြေဆိုပြီး ရှေးဦးပြုစုခြင်း၊ ပတ်တီးစည်းနည်းကို လက်တွေ့ဖြေဆိုခဲ့ကြောင်းသိရသည်။

စွမ်းရည်ပြိုင်ပွဲပြုလုပ်ရသည့်အတွက်ကြောင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များသည် မိမိပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာသည့် အရေးပေါ်ထိခိုက်မှုများတွင် ပိုမိုမြန်ဆန်စွာပြုစုပေးနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ရပ်ကွက်/ကျေးရွာမှတပ်ဖွဲ့ဝင် စုစုပေါင်း (၂၈) ဦးခန့်ဖြေဆိုကြပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု (၇)ဆုကို မေလ ၁၄ ရက်နေ့တွင်ပြုလုပ်မည့် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားတွင် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)