ငါန်းဇွန်မြို့၌ (၃၃)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ငါန်းဇွန် မေ ၁၃

မန္တလေးတိုင်းဒေသကြီးမြင်းခြံခရိုင်၊ ငါန်းဇွန်မြို့၌ ယနေ့နံနက် ၇နာရီအချိန်က ၂၀၂၁ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သော စာအောင်သံဃာတော်များအား မြို့တွင်းသို့ လှည့်လည်ပူဇော်ခံပြီး  ငါန်းဇွန်မြို့ ရတနဃရသာသနဗိမာန်တွင် (၃၃)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို၍ (၃၃)ကြိမ်မြောက် စူဠဘွဲ့နှင်သဘင်အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ပါဠိပထမပြန်စာမေးပွဲ နာယကဆရာတော် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဝင် ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တနရပတိထံ ငါးပါးသီလခံယူ ဆောက်တည်၍ ဩဝါဒခံယူကြသည်။

ထို့နောက် ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္က ရဲမှူးအောင်ကျော်ဦးက သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားပြီး ၂၀၂၁ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော် ပထမကြီး (၅)ပါး၊ ပထမလတ်(၃)ပါး၊ ပထမငယ်(၁)ပါး၊ အခြေပြုမူလတန်း(၆)ပါးနှင့် လူပုဂ္ဂိုလ်(၃) ဦးတို့ရှိသည်ဖြစ်ရာ အခမ်းအနားသို့တက်ရောက်လာသော မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက စာအောင်သံဃာတော်များအား ဘွဲ့တံဆိပ်တော်နှင့် လှူဘွယ်ဝထ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်ပြီး စာအောင်လူပုဂ္ဂိုလ်တို့အား စာအောင်လက်မှတ်နှင့် ဆုငွေများချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်၍ ကြွရောက်လာသော မြို့နယ်သံဃနာယကဆရာတော်များအား လှူဘွယ်ဝထ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်ပြီး လှူဒါန်းမှုအစုစုတို့အတွက် ဆရာတော် ဒေါက်တာဘဒ္ဒန္တနရပတိထံ ရေစက်သွန်းချ အမျှဝေကာ ဗုဒ္ဓသာသနံစိရံတိတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)