မြောက်ဦး မေ ၁၃
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ယဉ်ကျေးမှုအမွေအနှစ်များအပေါ် ထိခိုက်ပျက်စီးမှုလျော့နည်း စေရန်အတွက် HIA ဆန်းစစ်ချက် သင်တန်းကို ကြက်ဈေးရပ်ကွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ရုံးခန်းမ၌ ယမန့်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်၊၊
အဆိုပါ သင်တန်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်လွင်က Online ဖြင့် အဖွင့်အမှာစကား ပြောကြားရာတွင် ယဉ်ကျေးမှုအမွေအနှစ်များအပေါ် ထိခိုက်သက်ရောက်မှုများကို လေ့လာသုံး သပ်၍ ထိခိုက်မှုလျော့နည်းစေရေးဆောင်ရွက်နိုင်ရန်အတွက် စာတွေ့လက်တွေ့သင်ကြား ပို့ချသွားမည် ဖြစ်ကြောင်းနှင့်သင်တန်း၏ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ် ရေးတင်သွင်းထားသည့် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ၏ ကမ္ဘာလုံးဆိုင်ရာစံတန်ဖိုးရှိသည့် ရှေးဟောင်းအမွေအနှစ်များအပေါ် ထိခိုက်စေနိုင်သည့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများ၊ စီးပွားရေးနှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အဆောက်အအုံများ၊ ဌာနဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများကို ဆန်းစစ်၍ ထိခိုက်မှုအနည်းဆုံးဖြစ်မည့် နည်းလမ်းဖြင့် လုပ်ဆောင်နိုင်ရန်စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ရှေးဟောင်းသုတေသန နည်းပညာ သင်တန်းကျောင်း (ပြည်) မှ ကျောင်းအုပ်ကြီး ဦးဝင်းကြိုင်မှလည်း သင်တန်း ပထမပိုင်း ၃ ရက် စာတွေ့သင်ကြားရာတွင် ကမ္ဘာလုံးဆိုင်ရာ စံတန်းဖိုးများအကြောင်း၊ အမွေအနှစ်ထိခိုက်နိုင်မှု ဆန်းစစ်ချက် လုပ်ငန်းစဉ်များအကြောင်း၊ရှေးဟောင်းအဆောက်အအုံများအား ထိန်းသိမ်းခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်ဒေသနှင့်ပတ်ဝန်းကျင်အား စီမံခန့်ခွဲခြင်း၊ အချက်အလက်များ စုဆောင်းစုဆောင်းခြင်း GIS စနစ်နှင့် HIA လုပ်ငန်းစဉ်များ ချိတ်ဆက်နေပုံသင်ကြား၍ သင်တန်း ဒုတိယ ၆ ရက်တွင် လက်တွေ့ကွင်းဆင်းခြင်း၊ အစီရင်ခံစာရေးသားခြင်းနှင့် ပြန်လည်ရှင်းလင်း တင်ပြခြင်းတို့ကို သင်ကြားသွားမည်ဖြစ်သည်၊၊ထိုHIA သင်တန်းတွင် ဝန်ထမ်းများ စွမ်းဆောင် ရည်မြှင့်တင်ရန်အတွက် အရာထမ်း/အမှုထမ်း သင်တန်းသူ၊သင်တန်းသား ၂၇ဦး ၊ အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများတို့ တက်ရောက် ကြမည်ဖြစ်ပြီး သင်တန်းကိုလည်း ၁၀ရက်ကြာ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)