မိုင်းယောင်း မေ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ဖကျောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သဲပုံစေတီ စုပေါင်းပူဇော်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရှမ်းရိုးရာဓလေ့နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသောထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော် သံဃာတော်များ ရွတ်ပွားသရဇ္ဇျာယ်တော်မူသည့် ပရိတ်တရားတော်များ၊ အနုမောဒနာတရားများကို နာယူကြည်ညိုကြသည်။
ထို့နောက် သဲပုံစေတီစုပေါင်းပူဇော်လှူဒါန်းခြင်း၊ ပရိတ်ရေဖျန်းပက်မှုခံယူခြင်း၊ ညောင်ကိုင်းထောက်လှူဒါန်းခြင်း၊ ဇီဝိတဒါနငှက်လွှတ်ခြင်းစသည့် ကောင်းမှုကုသိုလ်များကို ဓလေ့ရိုးရာနှင့်အညီ ပြုလုပ်လှူဒါန်းကြသည်။
အဆိုပါ သဲပုံစေတီပူဇော်လှူဒါန်းခြင်းသည် မြို့၏တစ်နှစ်တာအတွင်း ကြုံတွေ့ခဲ့ရသည့် ကံကြမ္မာဆိုးများ၊ ဂြိုလ်စီးဂြိုလ်နင်းများ၊ အခက်အခဲများအား ယတြာချေသည့် လှူဒါန်းမှု ဓလေ့ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း