တောင်ကြီး မေ ၁၃
၂၀၂၂-၂၀၂၃ ပညာသင်နှစ် နည်းပညာတက္ကသိုလ်(တောင်ကြီး) မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့သစ်၊ နည်းပညာတက္ကသိုလ်(တောင်ကြီး) ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နည်းပညာတက္ကသိုလ်(တောင်ကြီး) ပါမောက္ခချုပ် ဒေါက်တာခင်ထိုက်ထိုက်လွင်က ကြိုဆိုနုတ်ခွန်းဆက်စကားပြောကြားရာတွင် “ ယခုပညာသင်နှစ်အတွက် နည်းပညာတက္ကသိုလ်ဝင်ခွင့်ရ ကျောင်းသားကျောင်းသူလေးများအား လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါကြောင်း၊ နည်းပညာ တက္ကသိုလ်မှ နှစ်စဉ်ထူးချွန်ထက်မြက်သည့် အင်ဂျင်နီယာကောင်းများ မွေးထုတ်ပေးလျှက်ရှိပါ ကြောင်း၊ တိုးတက်ပြောင်းလဲ့နေသည့် ခေတ်စနစ်နှင့်အညီကျွမ်းကျင်သည့် အင်ဂျင်နီယာကောင်းများ များစွာလိုအပ်ပါကြောင်း၊ ကျောင်းတော်ကြီးတွင် သင်ကြားပို့ချပေးလျက်ရှိသည့် ဘာသာရပ်များအနက်မှ မိမိတို့စိတ်ပါဝင်စားသည့် ဘာသာရပ်ကို အထူးပြုရွေးချယ်သင်ယူကြရမှာဖြစ်ကြောင်း၊ သင်ကြားရေးနှင့်အဆောင်နေရာထိုင်ခင်းရရှိရေးအတွက် ကြိုးစားဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် လူ့ပတ်ဝန်းကျင်အတွက် အကျိုးပြုနိုင်သည့် ထူးချွန်ထက်မြက်သော အင်ဂျင်နီယာကောင်းများဖြစ်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သပေးပါကြောင်း’’ ပြောကြားသွားသည်။
ထို့နောက် ဘာသာရပ်အလိုက် သက်ဆိုင်ရာပါမောက္ခဌာနမှူးများက မိမိတို့ဘာသာအရပ်အလိုက် မိတ်ဆက်ဆွေးနွေးပြောကြားခဲ့ကြပြီး ကျောင်းသားကျောင်းသူလေးများ၏ သိရှိလိုသည့်မေးမြန်းချက်များကို သက်ဆိုင်ရာဘာသာရပ်အလိုက် ပါမောက္ခဌာနမှူးများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် နည်းပညာတက္ကသိုလ်(တောင်ကြီး)၌ ဘွဲ့ကြိုပထမနှစ် တက်ရောက်သင်ကြားကြသည့် ကျောင်းသားကျောင်းသူပေါင်း(၁၃၇)ဦးရှိပြီး တက်ရောက်သင်ကြားနေသည့် ကျောင်းသားကျောင်းသူစုစုပေါင်း (၂၆၁)ဦးရှိကြောင်းနှင့် သင်ကြားရေးအတွက် ဆရာ ဆရာမနှင့် ဝန်ထမ်းပေါင်း(၇၆)ဦးဖြင့် အေးချမ်းစွာသင်ကြားပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ