ပင်းတယမြို့နယ်၌ ပန်းမုန်လာပွင့် (ပန်းဂေါ်ဖီ)များ ဧကအများအပြား စိုက်ပျိုးထားရှိ

ပင်းတယ မေ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်သည် ဒေသထွက်သီးနှံများအား ရာသီအလိုက် စိုက်ပျိုးထားရှိပြီး တခြားဒေသများသို့ တင်ပို့ရောင်းချခြင်းဖြင့် ဒေသနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် စီးပွားရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

ယခုအခါနွေရာသီရေသွင်းစိုက်ပျိုးသီးနှံများ ရိတ်သိမ်းရောင်းချပြီးနောက် ပန်းမုန်လာပွင့်( ပန်းဂေါ်ဖီ)များအား နေရာမြေလွတ်မကျန် ဧကအများအပြား စိုက်ပျိုးထားရှိသည်ကိုတွေ့ရသည်။ ပင်းတယမြို့နယ်အနီး ကျေးရွာများဖြစ်သည့် တမဲ၊ သရက်ကုန်း၊ ရေချမ်းစင်၊ ဝါးပြား၊ ရေဖြူ၊ ဇော်ဂျီ၊ ရွှေပုထိုး၊ ပွေးလှ၊ ပွေးပြတ်၊ တောင်ပေါ်ကြီး၊ ပန်းစစ်စသည့် ကျေးရွာများတွင် ဧကအများအပြား စိုက်ပျိုးကြသည်။  ပန်းမုန်လာပွင့်(ပန်းဂေါ်ဖီ)များအား တောတောင်ယာမြေများတွင်သာမက မိမိတို့ အိမ်ခြံမြေအတွင်း မြေလွတ်များတွင်ပါ စိုက်ပျိုးထားရှိပြီး၊ စိုက်ပျိုးပြီး တစ်လခွဲခန့်အချိန်တွင် ခုတ်ယူရောင်းချနိုင်ပြီဖြစ်ကြောင်း၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် အနည်းဆုံး ၅၀၀ကျပ်မှ ၈၀၀ ကျပ်အထိ စျေးနှုန်းရှိပြီး စျေးနှုန်းအတက်အကျရှိကြောင်း၊ အများအားဖြင့် စိုက်ခင်းထဲမှနွားလှည်းများဖြင့် သယ်ယူ၍ ကားလမ်းနံဘေးသို့ချထားပြီး ကုန်တင်ယဥ်ကြီးများဖြင့်အဓိက ရန်ကုန်၊ မန္တလေးမြို့ကြီးများသို့ တင်ပို့ရောင်းချကြောင်းနှင့်၊ စိုက်ခင်းပြတ်စျေးဖြင့်လည်း ကုန်သည်ပွဲစားများက အခင်းထဲသို့ လာရောက်ဝယ်ယူကြကြောင်း၊ ရေချမ်းစင်ကျေးရွာ ပန်းဂေါ်ဖီစိုက်ပျိုးသူတစ်ဦးထံမှ သိရသည်။

စိုက်ပျိုးရေးအခြေခံ ဖြစ်ထွန်းအောင်မြင်မှသာကုန်ထုတ် စွမ်းအားမြှင့်တင်နိုင်မည်ဖြစ်၍ ထိုမှတဆင့်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကောင်းလျှင် စီးပွားရေးဖွံဖြိုးတိုးတက်မည်ဆိုသကဲ့သို့ပင် ပင်းတယမြို့နယ်အနီး ကျေးရွာများသည် သီးနှံမျိုးစုံစိုက်ခင်းများ ဧကအများအပြား စိုက်ပျိုးထုတ်လုပ်ရောင်းချခြင်းဖြင့် အိမ်တွင်း မိသားစုစားဝတ်နေရေးပြေလည်ကြောင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  ပင်းတယမှထွက်ရှိသော ပန်းမုန်လာပွင့် (ပန်းဂေါ်ဖီ)များအား အောင်ပန်းပွဲရုံမှ ရန်ကုန်မြို့သို့လည်းကောင်း၊ ရွာငံ၊ ဟန်မြင့်မို၊ ကျောက်ဆည်လမ်းမှ တဆင့် မန္တလေးမြို့ပွဲရုံများသို့လည်းကောင်း၊ ထိုမှတဖန်မြန်မာပြည် အနှံ့နယ်မြို့များသို့  ဖောက်သည်တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

အေးအေးလတ်