ရန်ကင်း မေ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ခိုင်မာရှင်သန်စာကြည့်တိုက်များသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော စာအုပ်စာစောင်များအား လက်ဝယ်အရောက် ပြန်လည်ပေးအပ်ပွဲကို ယမန်နေ့နေ့လည် (၁:၀၀)နာရီ က အမှတ်(၄)ရပ်ကွက်ရှိ မြို့မစာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင် က လှူဒါန်းရရှိသော စာအုပ်များနှင့် ပတ်သက်ပြီး ပြောကြားရာတွင် ယခုရရှိထားသောစာအုပ်များသည် တန်ဖိုးရှိသော စာအုပ်၊ စာပေများ ဖြစ်သည့်အတွက် ရပ်ကွက်စာကြည့်တိုက်များအနေဖြင့် အလှူခံရရှိသော စာအုပ်များမှာ လူစိတ်ဝင်စားမှု နည်းပါးခြင်းနှင့် အသစ်ထွက်ရှိသောစာအုပ်များ မဖြည့်တင်းနိုင်သောကြောင့် စာကြည့်တိုက်ရေရှည် ရပ်တည်နိုင်ရေးမှာ အခက်အခဲများစွာ ဖြစ်ရကြောင်း၊ ယခုရရှိသောစာအုပ်များကို စာဖတ်သူများ စိတ်ဝင်စားလာအောင် ဆွဲဆောင်စေခြင်းဖြင့် စာကြည့်တိုက်များပြန်လည် အသက်ဝင်လာစေရန် ပြုလုပ်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရန်ကင်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းဝင်းအောင် က စာအုပ်စာစောင်များသည် တန်ဖိုးကြီးသည့်အတွက် စနစ်တကျထိန်းသိမ်းရန်နှင့် လိုအပ်ချက်များရှိပါက ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဂုဏ်ပြုစကား ပြောကြားသည်။
သို့ဖြစ်ရာ လှူဒါန်းစာအုပ်စာစောင်များအား (၄)ရပ်ကွက်ရှိ မြို့မစာကြည့်တိုက်မှ ဦးကျော်ဌေးအား မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင် က ပေးအပ်ပြီး၊ အမှတ်(၅)ရပ်ကွက်ရှိ ရန်ကင်းဂုဏ်ရည်စာကြည့်တိုက်မှ ဒေါ်ဥမ္မာမိုးအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးမှ ပေးအပ်ခဲ့ရာ စာအုပ်စာစောင်များ လှူဒါန်းရရှိသော ခိုင်မာရှင်သန်စာကြည့်တိုက်(၂) တိုက်မှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင် က လှူဒါန်းရရှိသော စာအုပ်များနှင့် ပတ်သက်ပြီး စနစ်တကျ ထိန်းသိမ်းထားရှိရန်နှင့် ရရှိထားသော စာအုပ်များအား စနစ်တကျစာရင်းသွင်း မှတ်တမ်းထားရှိ၍ စာဖတ်စာငှားများအား စနစ်တကျ ငှားရမ်းဆောင်ရွက်ပေးရန်နှင့် စာကြည့်တိုက်များအတွက် လိုအပ်သော အထောက်အကူပစ္စည်းများအား ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
အိရွှေစင်(ပြန်/ဆက်)