မိတ္ထီလာ မေ ၁၃
မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို မန္တလေးတိုင်းဒေသကြီးမိတ္ထီလာမြို့တွင်ရှိသည့် အဆိုပါတက္ကသိုလ်တွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်မှာ ဒီနှစ်ပညာသင်နှစ်မှာ ကျောင်းစတင်တက်ရောက်တဲ့ ကျောင်းသူကျောင်းသားများကို ကြိုဆိုဂုဏ်ပြုဆိုတဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ဒီနေ့ကျောင်းမှာကျင်းပပြုလုပ်တာဖြစ်ပါတယ်။ ကျောင်းစတင်ဖွင့်လှစ်တဲ့နေ့ဖြစ်တဲ့အတွက် ကျောင်းသူ/ကျောင်းသားများကို ဒီကျောင်းရဲ့အကြောင်းနဲ့ ကျောင်းကသင်ကြားပို့ချပေးတဲ့ ဘာသာရပ်များအကြောင်းကို ကျောင်းကပါမောက္ခချုပ်နဲ့ ဆရာဆရာမတွေက မိတ်ဆက်ပြောကြားပေးပြီး ဘာသာရပ်အလိုက် ပြခန်းပြကွက်များခင်းကျင်း ပြသထားတာတွေကို ကျောင်းသူကျောင်းသားအသစ်တွေကို ကြည့်ရှုလေ့လာကြပါတယ်။ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်မှာ စက်နှင့်ပျံသန်းယာဉ်ပညာ၊လေကြောင်း အီလက်ထရောနစ်ပညာ၊ လျှပ်စစ်နှင့် တိုင်းတာရေးပညာ၊ လောင်စာနှင့် တွန်းကန်ပစ္စည်းပညာနဲ့ အာကာသစနစ်ပညာဆိုပြီး ဘာသာရပ် ၅ မျိုးသင်ကြားပို့ချပေးတာဖြစ်ပါတယ်ဟု စက်နှင့်ပျံသန်းယာဉ်ပညာဌာနမှ ဆရာတစ်ဦးက ပြောကြားသည်။
အဆိုပါ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာပညာတက္ကသိုလ်မှာ မြန်မာနိုင်ငံတွင်တစ်ခုတည်းသာရှိသည့် တက္ကသိုလ်ဖြစ်ပြီးနိုင်ငံတဝန်းရှိကျောင်းသူကျောင်း သားသည် ပညာသင်နှစ်အလိုက်လာရောက်ပညာသင်ယူ တက်ရောက်လျက်ရှိကြောင်း သိရသည်။
ချမ်းသာ