ပျော်ဘွယ်မြို့တွင် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် အသိပညာပေး ဟောပြောပွဲပြုလုပ်

ပျော်ဘွယ် မေ ၁၂

ပြည်သူများအနေဖြင့် ငယ်စဉ်အချိန်မှစတင်ကာ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ယနေ့ကျင်းပပြုလုပ်သည့် ဟောပြောပွဲသည် ပြည်သူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် အမှန်နှင့်အမှားကို ခွဲခြားသိမြင်နိုင်မှု၊ စာပေဖတ်ရှုရာတွင် မိမိနှင့်လိုက်ဖက်သည့် စာပေအမျိုးအစားကို ရွေးချယ်ဖတ်ရှုနိုင်မှု၊ မိမိကိုယ်တိုင်သာဖတ်ရှုနေမှုအပြင် မိသားစုဝင်များကိုလည်း စာပေဖတ်ရှုသည့် အလေ့အကျင့်ရရှိရေး၊ ပတ်ဝန်းကျင်ရှိ မိတ်ဆွေများကိုလည်း စာပေဖတ်ရှုရန် တွန်းအားပေးနိုင်မှုတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်သို့ စာပေဖတ်ရှုရန် လာရောက်သူများ၊ စာပေကို စိတ်ဝင်စားသည့်ပြည်သူများ စုစုပေါင်း (၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး (ပျော်ဘွယ်)