လားရှိုးမြို့ရှိ ပညာရေးဒီဂရီကောလိပ်နှင့် တက္ကသိုလ်များစတင်ဖွင့်လှစ်ရာ ကျောင်းသား/သူများ ပျော်ရွှင်စွာဖြင့် ကျောင်းစတင်တက်ရောက်

လားရှိုး မေ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ လားရှိုးမြို့ရှိ ပညာရေးဒီဂရီကောလိပ်နှင့် တက္ကသိုလ်များကို မေလ ၁၂ ရက်တွင် စတင်ဖွင့်လှစ်နေပြီဖြစ်ရာ ကျောင်းသား/သူများမှာ ပျော်ရွှင်စွာဖြင့် တက်ရောက် ပညာသင်ကြားနေပြီဖြစ်ကြောင်း သိရသည်။

လားရှိုးပညာရေးဒီဂရီကောလိပ်တွင် (၄)နှစ်သင်ပညာရေးဘွဲ့ ပထမနှစ်( ပထမနှစ်ဝက်) နှင့် ပထမနှစ် (ဒုတိယနှစ်ဝက်) အတန်းများ စတင်ဖွင့်လှစ်သင်ကြားပေလျက်ရှိရာ (၄)နှစ်သင် ပထမနှစ် (ပထမနှစ်ဝက်)သင်တန်းတွင် (၈၂)ဦး၊ (၄)နှစ်သင်ပထမနှစ် (ဒုတိယနှစ်ဝက်) သင်တန်းတွင် (၆၃)ဦး တက်ရောက်လျက်ရှိကြောင်းသိရသည်။

ထို့အတူ လားရှိုးပညာရေးဒီဂရီကောလိပ်၌ ဧပြီလ ၂၀ ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော ပညာရေးဘွဲ့ ( B.Ed စာပေးစာယူ)  အမှတ်စဉ် ၁/၂၂ သင်တန်းတွင် ကျား (၂၃)ဦး၊ မ(၃၀၈)ဦး၊ စုစုပေါင်း (၃၃၁) ဦး တက်ရောက်ကာ ပညာသင်ကြားနေကြကြောင်း သိရသည်။

လားရှိုးနည်းပညာတက္ကသိုလ်တွင်လည်း ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအောင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၏ ပထမနှစ်ဝင်ခွင့်ရသင်တန်းများ၊ (၂၀၁၉-၂၀၂၀) ပညာသင်နှစ်၏ လက်ကျန်တန်းများဖြစ်သည့် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်သင်တန်းများ၏ ဒုတိယနှစ်ဝက်အတန်းများ၊ (၂၀၂၁-၂၀၂၂) ပညာသင်နှစ်နောက်ဆုံးနှစ် သင်တန်းများအား ယနေ့တွင်စတင်ဖွင့်လှစ်ခဲ့ရာ ဘာသာရပ် ဌာနမှူးများမှ ဘာသာရပ်ဆိုင်ရာများ ရှင်းလင်းပြောကြားခြင်း၊ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အလားတူ လားရှိုးမြို့ရှိ  လားရှိုးတက္ကသိုလ်၊ လားရှိုးကွန်ပျူတာတက္ကသိုလ်တို့တွင်လည်း ကျောင်းသား/သူများ တက်ရောက်ပညာသင်ကြားနေကြပြီဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း ( လားရှိုး )