နောင်ချို မေ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ကော်ဖီစီမံကိန်းမြေဧရိယာ ဧက(၅၀၀၀၀)အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအခြေအနေအား ကွင်းဆင်းစစ်ဆေးနိုင်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့များမှ မြို့နယ်အတွင်းရှိ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ အစုအဖွဲ့များ တောင်သူကြီးများနှင့် မေလ ၁၂ ရက် နံနက်(၉)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ကျောက်မဲခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းထင်စိုးက ကော်ဖီစီမံကိန်း မြေဧရိယာ ဧက (၅၀၀၀၀) လျာထားမှုအခြေအနေနှင့် ပက်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကျော်က နောင်ချိုမြို့နယ်အတွင်း ကော်ဖီစိုက်ပျိုးသူ တောင်သူ (၈၀)ဦး ရှိကြောင်းနှင့် တောင်သူများမြေပြင်တွင် အမှန်စိုက်ပျိုးထားမှု အခြေအနေများကို ဆွေးနွေးညှိနှိုင်းခဲ့သည်။ ၎င်းနောက် တက်ရောက်လာကြသော ကော်ဖီခြံများမှ မိမိတို့စိုက်ပျိုးထားရှိမှု အခြေအနေများကို အသီးသီးတင်ပြခဲ့ကြောင်း သိရသည်။
ညှိနှိုင်းဆွေးနွေးမှုအပြီးတွင် စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများသည် တောင်သူများ၏ ကော်ဖီစိုက်ဧက မြေပြင်အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထွေးငယ်(ပြန်/ဆက်)