သံတွဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး

သံတွဲ မေ ၁၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ် Mobile မော်တော်ယာဉ်ဖြင့် ဌာနများအရောက် စာအုပ်များ ငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာအုပ်/စာပေဝါသနာပါသူ ဌာနဆိုင်ရာဝန်ထမ်းများအား  အားလပ်ချိန်တွင် မိမိကြိုက်နှစ်သက်သည့် စာအုပ်/စာပေကောင်းများ ဖတ်ရှုလေ့လာ ရှာမှီးနိုင်စေရေးအတွက် ယနေ့နေ့လည်(၂)နာရီက သံတွဲခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် မြန်မာ့သစ်လုပ်ငန်း၊ ပြည်တွင်း ရောင်းဝယ်ရေးနှင့် သစ်စက်ဌာနများသို့ ရွေ့လျားစာကြည့်တိုက်စနစ် Mobile Library မော်တော်ယာဉ်ဖြင့် ကွင်းဆင်း၍ သုတရသစာအုပ်များအား အခမဲ့ငှားရမ်း ပေးခဲ့သည်။

ယခုကဲ့သို့ ငှားရမ်းဆောင်ရွက်ပေးခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးပြီး စာအုပ်စာပေ ဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ သိရှိစေရန်၊ စာအုပ်စာပေကောင်းများကို လေ့လာ ရှာမှီးတတ်စေပြီး စာပေဖတ်ရှုမှု ပိုမိုတိုးတက် မြင့်မားလာစေရန်နှင့် အလုပ်တာဝန်များကြောင့် မအားမလပ်ဖြစ်နေသူများ၊ အချိန်မရ၍ စာကြည်တိုက်သို့ စာအုပ်စာပေများ လာရောက် ငှားရမ်းနိုင်ခြင်းမရှိသူများကို ရည်ရွယ်ပြီး ယခုလို ဌာနဆိုင်ရာများအရောက် ကွင်းဆင်း ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

မေမွန်ထွဋ်