မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ပညာသင်နှစ်အလိုက် ကျောင်းသား၊ ကျောင်းသူများအား စတင်ဖွင့်လှစ်သင်ကြားပေး

မိတ္ထိလာ မေ ၁၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ စီးပွားရေးတက္ကသိုလ်တွင် ပညာသင်နှစ်အလိုက် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းကစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ပြန်လည်ဖွင့်လှစ်သင်ကြားရာတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်များ၏ (ဒုတိယပညာသင်ကာလ)၊၂၀၂၁-၂၀၂၂ ပညာသင်နှစ် မဟာအရည်အချင်း စစ်သင်တန်း၊ မဟာဘွဲ့သင်တန်းများ၏ (ဒုတိယပညာသင်ကာလ)နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ် (ပထမပညာသင်ကာလ)များတွင် တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

အဆိုပါ ပညာသင်နှစ်အလိုက် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနေမှုအခြေအနေများကို ပါမောက္ခချုပ်ဒေါက်တာထွန်းအောင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)