ကျောက်ဖြူ မေ ၁၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ ၄ နှစ်သင် ပထမနှစ် (ပထမနှစ်ဝက်) တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများနှင့် ၄ နှစ်သင် ပထမနှစ်(ဒုတိယ နှစ်ဝက်)တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများကို ယနေ့နံနက် ၉ နာရီမှ စတင်ကာ အဆိုပါ ပညာရေးဒီဂရီကောလိပ်တွင် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဖွင့်လှစ်ပို့ချလျက်ရှိရာတွင် ၂၀၂၀ ခုနှစ်အတွင်း တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် သင်တန်းတက်ရောက်ရန် ကျန်ရှိသူများအား ပို့ချပြသခြင်းဖြစ်ပြီး သင်ကြားသော ဘာသာရပ်များအနေဖြင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံဘာသာရပ်များ၊ ဝိဇ္ဇာ ဘာသာရပ်များ၊ ICT ဘာသာ၊ ဘဝအတွက်တာ ကျွမ်းကျင်စရာ၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဒေသဆိုင်ရာ ဘာသာရပ်များ၊ ဖွံ့ဖြိုးရေးဘာသာရပ်များ စသည့် ဘာသာရပ်(၁၄)ခုတို့အား ဆရာ၊ ဆရာမ (၄၆)ဦးတို့မှ ၄ နှစ်သင် ပထမနှစ် (ပထမနှစ်ဝက်)တက်ရောက်သည့် သင်တန်းသား၊ သင်တန်းသူ(၉၅)ဦးနှင့် ၄ နှစ်သင် ပထမနှစ် (ဒုတိယနှစ်ဝက်)တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူ(၁၆၂)ဦးတို့အား ပို့ချ ပြသပေးလျက်ရှိသည်။
အဆိုပါသင်တန်းကို (၁၂-၅-၂၀၂၂) ရက်နေ့မှ (၃၁-၈-၂၀၂၂)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း ကျောက်ဖြူပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးထံမှ သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း