လမ်းမတော် မေ ၁၂
ကုန်သည်စက်မှုအသင်းချုပ်မှ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ယန္တရားတွင် အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ အတွေ့အကြုံနှင့် အလုပ်ရှင်များအတွက် လေ့လာမှတ်သားဖွယ်ရာ သင်ခန်းစာများအား ပြန်လည်ရှင်းလင်းဆွေးနွေး ပေးမှုများကြောင့် အငြင်းပွားမှု ဖြေရှင်းဆောင်ရွက်ရာတွင် အထောက်အကူရစေရန် ရည်ရွယ်ချက်ဖြင့် အသိပညာရှင်များ၊ အတတ်ပညာရှင်များအား ဖိတ်ခေါ်၍ အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းဆောင်ရွက်ခြင်း အတွေ့အကြုံနှင့် သင်ခန်းစာများ မျှဝေဆွေးနွေးပွဲကို ယမန်နေ့တွင် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် အလုပ်ရှင်အဖွဲ့အစည်းနှင့် အလုပ်ရှင်အလုပ်သမားဆက်ဆံရေးဆိုင်ရာကော်မတီ (IREO) ဥက္ကဋ္ဌ၊ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဟန်မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး အသင်းချုပ် အလုပ်ရှင်အဖွဲ့အစည်းဌာန (EOD) ဌာန၏ ဌာနမှူး ဦးမြင့်ကျော်မှ အလုပ်သမားရေးရာ ညှိနှိုင်းဖျန်ဖြေရေး ဆောင်ရွက်ရေး ယန္တရားအဆင့်ဆင့်၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် အသင်းချုပ်မှ ပေါင်းစပ်ကူညီဆောင် ရွက်ပေးနေမှုများအား ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် အလုပ်ရှင်များမှ အမေးများလေ့ရှိသော မေးခွန်းများအပေါ် အသင်းချုပ်မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်နှင့် ခုံသမာဓိကောင်စီအဖွဲ့ဝင်-အလုပ်ရှင် ကိုယ်စားလှယ်များဖြစ်သော ဦးသန်းမောင်၊ ဦးလှထွန်းခိုင်နှင့် ဒဂုံဆိပ်ကမ်း စက်မှုဇုန်အတွင်းရေးမှူး ဦးကျော်စွာမြင့်တို့မှ ဝိုင်းဖွဲ့ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဧည့်သည်တော်များမှ မိမိတို့သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခြင်းအပေါ် ပြန်လည်ဖြေကြားခဲ့သည်။
အသင်းချုပ် အလုပ်ရှင်အဖွဲ့အစည်းဌာန (EOD) သည် ပြည်တွင်းပြည်ပ အလုပ်သမားရေးရာ ဆွေးနွေးပွဲများ၊ အစည်းအဝေးများ၊ သင်တန်းများ တက်ရောက်ရန် အခွင့်အလမ်းများ မျှဝေပေးပို့ခြင်း၊ အလုပ်သမားရေးရာ လက်စွဲစာစောင်များ အခမဲ့ဖြန့်ဝေ ပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး အလုပ်ရှင်ရေးရာ ဝန်ဆောင်မှုများအတွက် ဌာနသို့ လူကိုယ်တိုင် လာရောက်၍သော် လည်းကောင်း၊ eod@umfcci.com.mm နှင့် 01-2302484 သို့ ဆက်သွယ်၍ သော်လည်းကောင်း အသေးစိပ်လေ့လာနိုင်ပါကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့်