တာမွေမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မြန်မာ့ရိုးရာစကားပုံဆက်ပြိုင်ပွဲ ကျင်းပ

တာမွေ မေ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် မြန်မာ့ရိုးရာစကားပုံများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး မြန်မာ့စာပေနှင့် မြန်မာ့ယဉ်ကျေးမှုတို့ကို ချစ်မြတ်နိုး၍ ထာဝစဉ်ထိန်းသိမ်းကာကွယ် စောင့်ရှောက်တတ်စေရန်နှင့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပသော “ မြန်မာ့ရိုးရာစကားပုံဆက်ပြိုင်ပွဲ ” ကို တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တာမွေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က “ မြန်မာ့ရိုးရာစကားပုံဆက်ပြိုင်ပွဲ ” ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲနှင့်ပတ်သက်သည့် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်လေးများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ “ မြန်မာ့ရိုးရာ စကားပုံဆက် ပြိုင်ပွဲ ”တွင် ပထမဆုရရှိသူ မောင်ရဲရင့်ဖြိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ပြိုင်ပွဲတွင်ဆုရရှိသူများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(တာမွေ)