ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသော စာအုပ်စာစောင်များအား ရပ်ကွက် / ကျေးရွာ စာကြည့်တိုက်များသို့ ထပ်ဆင့်ပေးအပ် လှူဒါန်းပွဲ တွံတေး၌ ကျင်းပ

တွံတေး မေ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာစံညီ  စာကြည့်တိုက် (၁၄) တိုက်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မှ လှူဒါန်းသောစာအုပ်စာစောင်များ ထပ်ဆင့်ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအ‌ခြေပြု ဗဟိုဌာန ( Community Centre ) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လှူဒါန်းပွဲတွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းသျှင်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ ရေရှည်ရှင်သန်ခိုင်မာ ဖွံ့ဖြိုးတိုးတက်ရေး၊ ရပ်ကွက်၊ ကျေးရွာနေပြည်သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးနှင့် စာကြည့်တိုက်ကို အသုံးပြုတတ်စေရေး၊ စာဖတ်သူတိုးပွားရေး၊ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာစာကြည့်တိုက် ကော်မတီဝင်များအနေဖြင့် မိမိတို့စာကြည့်တိုက်ရှိ စာအုပ်၊ စာစောင်များနှင့် ပရိ‌ဘောဂများ ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းစောင့်ရှောက် ထိန်းသိမ်းပေးရန်နှင့် ယခုလိုတန်ဖိုးရှိသည့် သုတ၊ ရသ စာအုပ်စာစောင်များ လှူဒါန်းပေးသည့်အတွက် ကျေးဇူးတင် ရှိပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေး ကော်မတီအတွင်းရေးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဦးသက်ဦးက စာအုပ်စာစောင်များ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်း ပြောကြားရာ၌ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များကို ရှင်သန်စေလိုကြောင်း၊ ယနေ့ လှူဒါန်းခြင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ  လှူဒါန်းရရှိသော စာအုပ်များကို မြို့နယ်များအတွင်းရှိ ရှင်သန်နေသော စာကြည့်တိုက်များသို့ လှူဒါန်းခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ စာကြည့်တိုက်အားလုံး ရှင်သန်ရေးအတွက် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်​ရေးကော်မတီနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တက်ရောက်လာသူများမှလည်း စာကြည့်တိုက်များ ပုံမှန်ဖွင့်လှစ်၍ ရှင်သန်ခိုင်မာရေး၊ စာဖတ်ပရိတ်သတ် တိုးပွားလာစေရေးတို့အတွက် ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စာအုပ်လှူဒါန်းပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်​ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသျှင်အောင်က အုန်းပင်စုရပ်ကွက် ပညာရွှေတောင်စာကြည့်တိုက်၊ ကျွန်းတောရပ်ကွက် မျိုးဆက်သစ်အလင်း စာကြည့်တိုက်၊ ဗျောက်ရိုးကျေးရွာရှိ စုံတောမြိုင် စာကြည့်တိုက်၊ သဲကုန်းကျေးရွာ သုတစုံရာစာကြည့်တိုက်နှင့် ပြသတိုက်ကျေးရွာ သုတအလင်းတန်း စာကြည့်တိုက်တို့အားလည်းကောင်း၊ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးက ရွာသစ်ကြီးကျေးရွာ ပညာမီးအိမ်စာကြည့်တိုက်၊ ခရမ်းဝကျေးရွာ ပညာပန်းခင်းစာကြည့်တိုက်၊ မဒိုင်းကျေးရွာ အောင်သရဖူစာကြည့်တိုက်၊ ပိတ်စွယ်ကျေးရွာ ပညာအလင်းစာကြည့်တိုက်နှင့် ထနီးဘက်ကျေးရွာ ပညာပန်းခင်း စာကြည့်တိုက်တို့အားလည်းကောင်း၊ မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးသက်ဦးက ပေါ်ကုန်းကျေးရွာ စွမ်းအားသစ်စာကြည့်တိုက်၊ စက်ဆန်းကျေးရွာ ပညာစံအိမ်စာကြည့်တိုက်၊ အပြင်ရေကျော်ကျေးရွာ ပညာရွာစာကြည့်တိုက်နှင့် အတွင်းရေကျော်ကျေးရွာ ပညာဒီပစာကြည့်တိုက်ကျေးရွာ စာကြည့်တိုက်များရှိ ကော်မတီတို့အား အသီးသီးပေးအပ်လှူဒါန်းခဲ့ကြပြီး ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက် ကော်မတီ၀င်များမှ စာအုပ်စာစောင်များ လက်ခံရယူခဲ့ကြကြောင်း သိရသည်။

တွံတေးသား