မိုင်းယောင်းမြို့၌ ရှမ်းရိုးရာ သဲပုံစေတီ စုပေါင်းပူဇော်လှူဒါန်း

မိုင်းယောင်း မေ ၁၂

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ဖကျောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သဲပုံစေတီ စုပေါင်းပူဇော်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ဓလေ့ရိုးရာနှင့်အညီ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံ​သောထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားသရဇ္ဇျာယ်တော်မူသည့် ပရိတ်တရားတော်များ၊ အနုမောဒနာတရားများကို နာယူကြည်ညိုကြသည်။

ထို့နောက် သဲပုံစေတီ စုပေါင်းပူဇော်လှူဒါန်းခြင်း၊ ပရိတ်ရေဖျန်းပက်မှုခံယူခြင်း၊ ညောင်ကိုင်းထောက်လှူဒါန်းခြင်း၊ ဇီဝိတဒါနဌက်လွတ်ခြင်းစသည့် ကောင်းမှုကုသိုလ်များကို ဓလေ့ရိုးရာနှင့်အညီ ပြုလုပ်လှူဒါန်းကြသည်။

အဆိုပါ သဲပုံစေတီပူဇော်လှူဒါန်းခြင်းသည် မြို့၏တစ်နှစ်သာအတွင်း ကြုံတွေ့ခဲ့ရသည့် ကံကြမ္မာဆိုးများ၊ ဂြိုလ်စီးဂြိုလ်နင်းများ၊ အခက်အခဲများအား ယတြာချေသည့် ရှမ်းရိုးရာလှူဒါန်းမှုဓလေ့ဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း