ငါန်းဇွန် မေ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက်ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နဝမအသုတ် ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နဝမအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးရာ ယမန်နေ့နံနက် ၉ နာရီမှစ၍ မြို့မဇုံမှ (၁၃၅)ဦး၊ မြို့သာဇုံမှ (၉၈)ဦး၊ ငါန်းမြာဇုံမှ (၃၅)ဦး၊ ခြင်္သေ့လက်ဇုံမှ (၈၉)ဦး၊ ဂျိုဇုံမှ (၁၅၆)ဦးနှင့် ရေလည်သောင်ဇုံမှ(၉၈)ဦးစုစုပေါင်း(၆၁၁)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ ဧပြီ ၂၆ရက်နေ့မှ မေ ၁၁ရက်နေ့အထိ မြို့နယ်အတွင်း ဇုံ(၉)ဇုံမှ နဝမအသုတ် ဒုတိယအကြိမ်(၁၂၂၄)ဦး ထိုးနှံပြီးကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)