တာမွေမြို့နယ်ရှိ တောင်မြင်းပြိုင်ကွင်းလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပစေရေးအတွက် အထူးအလေးထားဆောင်ရွက်

တာမွေ မေ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ တောင်မြင်းပြိုင်ကွင်းလမ်း တစ်လျှောက် သန့်ရှင်းသာယာလှပပြီး လမ်းအင်္ဂါရပ်များနှင့် ပြည့်စုံညီညွတ်မှုရှိစေရေးအတွက် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၏ လမ်းညွှန်မှုအရ ခရိုင်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သက်ဆိုင်ရာ ဌာနများပူးပေါင်း၍ ယနေ့နံနက်ပိုင်း အချိန်က အဆိုပါလမ်း၏ ဘေးဘက်ဝဲယာတစ်လျှောက်တွင် ချုံနွယ်ပိတ်ပေါင်းများနှင့် အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ သစ်ပင်ပန်းမန်များ စိုက်ပျိုးခြင်း၊ လျှပ်စစ်ဓာတ်အား လိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းခြင်း၊ ရေနှုတ်မြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း၊ လူသွားစင်္ကြန်လမ်းများအား ပြုပြင်ပြင်ဆင်ခြင်း၊ လမ်းလယ်တုံးများအား ဆေးသုတ်ခြင်းစသည့်တို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ တာမွေမြို့နယ်ရှိ တောင်မြင်းပြိုင်ကွင်းလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပစေရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။“ကျွန်တော်တို့မြို့နယ်အတွင်းမှာရှိတဲ့ လမ်းမကြီးတွေ သန့်ရှင်းသပ်ရပ်ပြီး လမ်းအသုံးပြုသူတွေအနေနဲ့ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ယခုလို ဆောင်ရွက်ပေးတဲ့အပေါ် သက်ဆိုင်ရာတာဝန်ရှိသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ နောက်တစ်ခုက မြို့နယ်အတွင်း သန့်ရှင်းသာယာလှပဖို့ ဆောင်ရွက်တဲ့နေရာမှာ သက်ဆိုင်ရာ ဌာနတွေသာမကပဲ မြို့နယ်အတွင်းရှိ ပြည်သူတွေနဲ့ လမ်းအသုံးပြုသူတွေက ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မှာပါ ” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ အဓိကလမ်းမကြီးများအား လမ်းအင်္ဂါရပ်များနှင့် ပြည့်စုံညီညွတ်မှုရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီအနေဖြင့် စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်လျက်ရှိသလို မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေး၊ မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက်လည်း အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်