တောင်ကြီးမြို့ရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များပြန်လည်ဖွင့်လှစ်

တောင်ကြီး မေ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များအား ယနေ့နံနက်ပိုင်းမှစတင်၍ ပညာသင်နှစ်အလိုက်အတန်းများ ပြန်လည်ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။

ထိုသို့ပြန်လည်ဖွင့်လှစ်ရာ၌ တောင်ကြီးတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တွင် ပထမနှစ် (ပထမနှစ်ဝက်)၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်တန်းများ၊ တောင်ကြီးပညာရေးကောလိပ်တွင် ပထမနှစ် (ပထမနှစ်ဝက်)နှင့် (ဒုတိယနှစ်ဝက်) သင်တန်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိသော အတန်းများ၌ ပညာသင်နှစ်အသီးသီးမှ  ကျောင်းသား/သူများ ကျောင်းအပ်နှံခြင်း၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲများ ပြုလုပ်ခြင်းများဖြင့် အဆင်ပြေချောမွေ့စွာနှင့် စိတ်အေးချမ်းစွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဇော်နိုင်လင်း