ပျော်ဘွယ် မေ ၁၂
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ မိသားစုဝင်ငွေတိုးပွားရေးတွင် တစ်ဖက်တစ်လမ်းမှအထောက်အကူပြုစေရန်ရည်ရွယ်၍ ကျောက်ကျောမုန့်ပြုလုပ်နည်းသင်တန်းကို ယနေ့နံနက်(၁၀)နာရီခွဲက မြို့နယ်ရုံး (Community Centre) ခန်းမတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ယနေ့သင်တန်းသည် မိသားစုဝင်ငွေတိုးပွားရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် ကျွမ်းကျင်မှုရှိစေရန်အတွက် ကြိုးစားသင်ယူနိုင်မှသာလျှင် မိသားစုအတွက် အထောက်အပံ့ရစေမည်ဖြစ်ပါကြောင်းတို့ကို ရှင်းလင်းဆွေးနွေးသည်။
ကျောက်ကျောမုန့်ပြုလုပ်နည်းနှင့်ပတ်သက်၍ “ကျွန်မက ဒီလိုမုန့်လုပ်နည်းကို စိတ်ဝင်စားတယ်၊ အပြင်မှာ သင်တန်းတက်မယ်ဆိုရင်လည်း သင်တန်းစရိတ်ကုန်ကျမှုတွေလည်းရှိပါတယ်၊ ယနေ့မှာတော့ အခမဲ့သင်တန်းပေးတာမို့ ကျွန်မက ငွေကြေးကုန်ကျစရိတ်မရှိဘဲ တက်ရောက်ရပါတယ်၊ မိသားစုအတွက်လည်း အထောက်အပံ့ရအောင် သင်ယူသွားမျာဖြစ်ပါတယ်”ဟု မြို့သစ်ရပ်ကွက်နေ သင်တန်းသူတစ်ဦးက ရှင်းပြသည်။
ဆက်လက်၍ သင်တန်းနည်းပြက ကျောက်ကျောမုန့်ပြုလုပ်ရာတွင် ပါဝင်ပစ္စည်းများကိုအချိုးကျ ပေါင်းစပ်ကာ မုန့်ပြုလုပ်နည်းများကို စာတွေ့လက်တွေ့ပို့ချခဲ့ပြီး သင်တန်းသား(၂၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)