သင်္ဃန်းကျွန်း ပညာရေးဒီဂရီကောလိပ်တွင် ၄ နှစ်သင်ပညာရေးဘွဲ့ ပထမနှစ်သင်တန်း စတင်ဖွင့်လှစ်သင်ကြား

သင်္ဃန်းကျွန်း မေ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ပညာရေးဒီဂရီကောလိပ်တွင်၂၀၂၀ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားရှိသူများနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် သင်တန်းတက်ရောက်ရန် ကျန်ရှိသူများအား ယနေ့ နံနက် (၀၉:၀၀) နာရီ အချိန်မှစတင်၍ ၄ နှစ်သင်ပညာရေးဘွဲ့ ပထမနှစ်သင်တန်းကို စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ သင်တန်းသူ သင်တန်းသားများအား ကျောင်းအုပ်ဆရာမကြီးနှင့် သင်ကြားရေးဆိုင်ရာ ဆရာကြီး၊ ဆရာမကြီးများက အနီးကပ်ကြီးကြပ်၍ လက်တွေ့နှင့်သက်ဆိုင်သော ဘာသာရပ်များ၊ ကလေးငယ်များအား ပြန်လည်သင်ကြားမှုပြုသည့်အခါ သင်ကြားပြသရမည့် အကြောင်းအရာများ၊ ဆရာ၊ ဆရာမများအနေဖြင့် ထားရှိရမည့် စိတ်ဓာတ်နှင့် ခံယူချက်များ အစရှိသည့် အကြောင်းအရာများနှင့် ဘာသာရပ်ဌာန(၆)ခု၊ ဘာသာရပ်(၁၄)ခုတို့အား စတင်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက် ၂၀၂၀ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သူများထဲမှ သင်တန်းတက်ရာက်ခွင့်ရရှိသူ သင်တန်းသားသင်တန်းသူ (၁၃၁)ဦးထဲမှ ယနေ့လာရောက် တက်ရောက်သူ သင်တန်းသား(၂၂)ဦးနှင့် သင်တန်းသူ (၆၀)ဦးရှိပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက်ရောက်ရန်ကျန်ရှိသည့် သင်တန်းသား သင်တန်းသူ(၂၄)ဦးတို့အား ယနေ့တွင် စတင်၍ သင်ကြားပေးနေကြောင်း သိရသည်။

အဆိုပါ သင်တန်းကို (၁၂.၅.၂၀၂၂)ရက်နေ့မှ (၃၁.၈.၂၀၂၂)ရက်နေ့အထိ ပုံမှန်သင်တန်း ဖွင့်လှစ်သင်ကြားပေးနေမည်ဖြစ်ကြောင်း သင်္ဃန်းကျွန်း ပညာရေးဒီဂရီကောလိပ်မှ သတင်းရရှိသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်