လှည်းကူးမြို့နယ်၊ ကလီထော် အနောက်ကျေးရွာအုပ်စုတွင် ဒုတိယအကြိမ်ရာအိမ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

လှည်းကူး မေ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ကလီထော်အနောက် ကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှကာကွယ်နိုင်ရန် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် (၁၅) နှစ်မှ (၁၈) နှစ် အတွင်းပြည်သူများ၊ အသက် (၁၈) နှစ်နှင့် အထက်ပြည်သူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး Mobile အစီအစဉ်ဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် (၉) က အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ရာအိမ်စုအလိုက်ကွင်းဆင်း၍ လိုက်လံထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများကလည်း ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးအေးနွဲ့ (ပြန်/ဆက်)