သာစည်မြို့နယ်တွင် ၃၁ ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

သာစည် မေ ၁၂

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၃၁ ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်  ၈ နာရီက အမှတ် (၆) ရပ်ကွက်သာယာကုန်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်သည်။ ဆက်လက်ပြီး သာစည်မြို့နယ် ကန့်ဖြူကျောင်းတိုက်ဆရာတော်ဦးဝိဇယထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ဆက်လက်၍ မြို့နယ်သံဃနာယက အကျိုးဆောင် သာယာကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပုညဓဇက အဖက်ဖက်မှ ကူညီပံ့ပိုးမှုများနှင့်ပတ်သက်၍ ဝမ်းမြောက်ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ၂၀၂၁ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင်  ဖြေဆိုအောင်မြင်ခဲ့သော   ပထမကြီးတန်းအောင်သံဃာ  ၆  ပါးနှင့်  သီလရှင်  ၁ ပါး၊ ပထမလတ်တန်းအောင်သံဃာ  ၆ ပါးနှင့်သီလရှင် ၁ ပါး၊  ပထမငယ်တန်းအောင် သံဃာ ၇ ပါး၊ အခြေပြုမူလတန်းအောင်သံဃာ ၉ ပါးနှင့်နိကာယ်အောင် သံဃာတော် ၂၈ ပါးတို့ကို တက်ရောက်လာသူများက ဘွဲ့တံဆိပ်၊ စာအောင်လက်မှတ်များနှင့်လှူဖွယ်ဝတ္ထများ ဆက်ကပ်လှူဒါန်းကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ကုသိုလ်ရှင်များ တက်ရောက်ကြကြောင်း သိရသည်။                     

မြို့နယ် (ပြန်/ဆက်)