မန္တလေး မေ ၁၂
မန္တလေးခရိုင် ပြည်ကြီးတံခွန်မြို့နယ် မြို့နယ်လူမှုဖူလုံရေးရုံး ရုံးခွဲ (၃) တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် AAA Ready Mixed Concrete စက်ရုံနှင့် Shinning Star သစ်စက်တို့မှ အာမခံအလုပ်သမား (၂) ဦး၏ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိ၍ သေဆုံးမှုအတွက် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်ရစ်သူအကျိုးခံစားခွင့် ထုတ်ပေးခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီတွင် Shinning Star သစ်စက်ရုံခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးတာဝန်ခံ ဦးစီးအရာရှိ ဦးသန်းနိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လှက Shinning Star သစ်စက်မှ အလုပ်တွင် ထိခိုက်မိပြီးသေဆုံးသူ၏ မိခင်အား ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့် ငွေကျပ် ၉,၀၀၀,၀၀၀/- အား လည်းကောင်း၊ တိုင်းဒေသကြီးတာဝန်ခံဦးစီးအရာရှိ ဦးသန်းနိုင်ဦးက AAA Ready Mixed Concrete စက်ရုံမှ အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးသွားသည့် အာမခံ အလုပ်သမား၏ ဇနီးဖြစ်သူအား ကျန်ရစ်သူအကျိုးခံစားခွင့်ငွေကျပ် ၄,၃၂၀,၀၀၀/- အားလည်းကောင်း ထုတ်ပေးခဲ့ပြီး အကျိုးခံစားခွင့်ရှိသူများ၏ ကိုယ်စား AAA Ready Mixed Concrete မှ မန်နေဂျာ ဦးစည်သူထွန်းက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
မန္တလေးခရိုင် (ပြန်/ဆက်)