သပိတ်ကျင်း မေ ၁၁
၂၀၂၁-ခုနှစ်၊ ပါဠိပထမပြန် စာမေးပွဲတွင်အောင်မြင်တော်မူကြသော စာအောင်သံဃာတော်များအား စာအောင်ဆုချီးမြှင့်သည့် စူဠဘွဲ့နှင်းသဘင်(စာအောင်လက်မှတ်ဆက်ကပ်ပွဲ)နှင့် သံဃာတော်အရှင်မြတ်တို့ကို ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊သပိတ်ကျင်းမြို့၊ သရက်တောကျောင်းတိုက် ဓမ္မာရုံတွင် မေလ(၁၀)ရက်နေ့၊ ညနေ(၄)နာရီကကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး သာသနာလက်ာရကျောင်းဆရာတော် ဘန္ဒန္တသာသနထံမှငါးပါးသီလခံယူပြီး ပရိတ်တရားတော်များနာယူကြည်ညိုခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်ကသာသနာရေးဆိုင်ရာများလျှောက်ထားခဲ့ပြီး ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ကပ်လှူပူဇော်ခဲ့ရာမြို့ နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဦးဇောတိပါလဆရာတော်ထံမှ အနုမောဒနာတရားနာကြားခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှအတန်းပေးဝေခဲ့ကြသည်။ ဆက်လက်၍ ၂၀၂၁-ခုနှစ် ပါဠိပထမပြန် စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူခဲ့ကြသော အခြေပြုမူလတန်းအောင်မြင်သူ စာအောင်သံဃာ(၂၂)ပါး၊ ပထမလတ်တန်းအောင်မြင်သည့် စာအောင်သံဃာ(၁)ပါး၊ တို့အားဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များမှ စာအောင်လက်မှတ်နှင့်စာအောင်ဆုများ ဆက်ကပ်ခဲ့ကြပြီး အခမ်အနားကို ဗုဒ္ဓသာသာနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ အလှူရှင် မိသားစုများ၊ လူမှုရေးအသင်းအဖွဲ့များမှ စာအောင်/စာဖြေသံဃာတော်များနှင့် ပင့်သံဃာ(၃၀)ပါး၊ စုစုပေါင်း သံဃာ(၅၃)ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြောင်း သိရသည်။
စိုးနိုင်ဝင်း(သပိတ်ကျင်း)